Elon Musk ဟာ Twitter ကို ဝယ်ယူအပြီးမှာ ဝန်ထမ်းတွေအတော်များများကို အလုပ်ကနေ ထုတ်ပယ်မှုတွေပြုလုပ်ခဲ့သလို တခြားသောပြောင်းလဲမှုတွေကိုလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် တစ်လကို $8 နဲ့ ဝယ်ယူနိုင်တဲ့ Twitter Blue Subscription မှာ Verified Checkmark ထည့်သွင်းပေးလိုက်တဲ့အတွက် တချို့သော အသုံးပြုသူတွေက ကုမ္ပဏီကြီးတွေပုံစံ အယောင်ဆောင်ပြီး ဖြစ်နိုင်ဖွယ်မရှိတဲ့သတင်းမှားတွေ၊ ဟာသတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် တချို့သော ကုမ္ပဏီတွေအနေနဲ့ ရှယ်ယာစျေးနှုန်းကျဆင်းမှုတွေအထိ ဖြစ်ပေါ်ခဲ့ပြီး Twitter မှာ ကြော်ငြာပြုလုပ်မှုတွေကိုပါ ရပ်ဆိုင်းနေပြီဖြစ်ပါတယ်။ အခုလို ကြော်ငြာတွေကို ရပ်ဆိုင်းတဲ့အထဲမှာ Apple လိုမျိုး ကုမ္ပဏီကြီးတွေလည်းပါဝင်နေပါတယ်။

ဒီလိုမျိုး အခက်အခဲတွေကြုံတွေ့နေရတဲ့ Twitter ဟာ အခုလည်း နောက်ထပ် ကုမ္ပဏီတွင်းပြဿနာတစ်ခုဖြစ်ပေါ်နေပြီလို့ သိရပါတယ်။ ဒါကတော့ Twitter ရဲ့ ဥရောပရုံးတွေမှာရှိတဲ့ ဝန်ထမ်းအချို့ဟာ ပုံမှန်ရရှိရမယ့် နိုဝင်ဘာလစာကိုတောင် ရရှိခြင်းမရှိသေးဘဲ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ Twitter ဟာ ပုံမှန်အားဖြင့် ယခု နိုဝင်ဘာလ ၂၈ ရက်နေ့မှာ လစာပေးရမှာဖြစ်ပေမယ့် ဝန်ထမ်းတွေဆီကို Pay Slip ပဲ Email ပေးပို့ထားပြီး လစာကိုတော့ မထုတ်ပေးရသေးဘူးလို့ သိရပါတယ်။

Twitter ဘက်ကတော့ အခုလိုမျိုး လစာနှောင့်နှေးနေတဲ့ ဝန်ထမ်းအချို့ကို Email ကနေတစ်ဆင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အချိန်စောင့်ဆိုင်းဖို့ဆိုပြီး ပေးပို့ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တခြားသော အကြီးပိုင်းဝန်ထမ်းတွေကတော့ ပုံမှန်အတိုင်းလစာရရှိနေတာကြောင့် ဝန်ထမ်းပိုင်းမှာ ပြဿနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Elon Musk ဝယ်ယူအပြီးမှာ Twitter ဟာ ပြဿနာမျိုးစုံနဲ့ ကြုံတွေ့နေရပြီးတော့ နောက်ပိုင်းမှာ ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China