Elon Musk ဟာ တွစ်တာရဲ့ CEO ရာထူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဘီလျံနာကြီးဟာ လူမှုကွန်ရက်ရဲ့ CEO အဖြစ် သူ့အစား တာဝန်ယူဆောင်ရွက်နိုင်မဲ့သူတစ်ယောက်ကို ရှာဖွေနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီကြေညာချက်ဟာ Tesla ရှယ်ယာရှင်တွေက Musk တစ်ယောက် ကုမ္ပဏီကို အာရုံမစိုက်တော့မှာစိုးရိမ်နေကြတဲ့နောက်ပိုင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Elon Musk တစ်ယောက် တွစ်တာ CEO ဖြစ်တာနဲ့တစ်ပြိုင်နက် မုန်တိုင်းမွှေသလို ဖြစ်သွားခဲ့တာပါ။ တွစ်တာရဲ့ ဦးဆောင်သူအတော်များများလည်း နုတ်ထွက်သွားကြသလို၊ ဝန်ထမ်းတွေကိုလည်း အလုပ်ထုတ်ပစ်တာမျိုး လုပ်ခဲ့ပါသေးတယ်။ အခုတော့ Musk တစ်ယောက် အရုပ်သစ်နဲ့ဆော့ရတာပျင်းသွားတဲ့ ကလေးတစ်ယောက်လိုဖြစ်သွားပြီလားလို့ မေးနေကြပါပြီ။

Twitter ရဲ့ CEO ဟောင်း Jack Dorsey ကတော့ သူတည်ထောင်ခဲ့တဲ့ လုပ်ငန်းဆီကို ပြန်သွားဖို့အစီအစဉ်မရှိဘူးလို့ ဆိုထားပါတယ်။ ဒါကြောင့် သူ့ကို CEO ရာထူးနဲ့ နောက်တစ်ကြိမ်မြင်တွေ့ရဖို့တော့ မလွယ်ကူတော့ပါဘူး။ Musk က တွစ်တာရဲ့ CEO တာဝန်ကနေ နုတ်ထွက်ရတဲ့အဓိကအကြောင်းရင်းဟာ Tesla ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

Musk ဟာ SpaceX ရဲ့ Founder, CEO နဲ့ Chief engineer လည်းဖြစ်သလို၊ Boring Company ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ Tesla မှာတော့ CEO and product architect တာဝန်ကို ရယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Neuralink, OpenAI, Zip2 တို့ရဲ့ Co-founder လည်း ဖြစ်ပါသေးတယ်။ ဒါကြောင့် တွစ်တာလိုကုမ္ပဏီမျိုးမှာ CEO အဖြစ် ထပ်ပြီးရယူလိုက်တဲ့အခါ အခြားလုပ်ငန်းတွေက ရှယ်ယာရှင်တွေက စိုးရိမ်ကြတာလည်း အဆန်းမဟုတ်ဘူးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

Ref: GIZCHINA