Apple ကနေ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 14 Series ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြုထားတဲ့ Emergency SOS Service Feature ကို မိတ်ဆက်ခဲ့ပါတယ်။ တကယ်လည်း အဆိုပါ Emergency SOS Service Feature ဟာ လူတွေကို ကယ်တင်ပေးနိုင်ခဲ့ပေမယ့် အခုအချိန်အထိ US နိုင်ငံအပြင် တချို့သောနိုင်ငံတွေမှာပဲ အသုံးပြုနိုင်သေးပြီး အကန့်အသတ်တွေရှိနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Huawei Mate 60 Series ဖုန်းတွေဆိုရင် ဂြိုလ်တုဆက်သွယ်ရေးကို အသုံးပြုပြီး အရေးပေါ် SOS Message တွေတင်မဟုတ်ဘဲ ဖုန်းပြောဆိုမှုတွေပါ ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် Apple ကလည်း မကြာခင်မိတ်ဆက်တော့မယ့် iPhone 15 Series ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်ရေးပိုင်းကို အဆင့်မြှင့်တင်တော့မယ့် ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple ဟာ လက်ရှိ iPhone တွေမှာပါဝင်တဲ့ ဂြိုလ်တုဆက်သွယ်ရေးအတွက် Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ Satellite ဂြိုလ်တုအသစ်တွေကို လွှတ်တင်အသုံးပြုသွားဖို့ စီစဥ်နေတာကြောင့်ဖြစ်ပါတယ်။ ဒါက Apple က Elon Musk ကို တိုက်ရိုက်အကူအညီတောင်းဆိုတာမျိုးမဟုတ်ဘဲ Apple ရဲ့ Satellite Partner အဖြစ်တာဝန်ယူထားတဲ့ Globalstar ကုမ္ပဏီက SpaceX ဖြင့် လက်တွဲအလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Apple ကနေတစ်ဆင့် Globalstar ကုမ္ပဏီဟာ SpaceX ကို iPhone တွေမှာ အသုံးပြုဖို့ ဂြိုလ်တုတွေ လွှတ်တင်ဖို့အတွက် ဒေါ်လာ ၆၄ သန်းပေးချေရမှာဖြစ်ပြီး ယခုကစတင်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ပေးချေသွားရမှာဖြစ်ပါတယ်။ ကျိန်းသေတာက လာမယ့် ၂ နှစ်အတွင်းမှာ iPhone တွေရဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ဟာ SpaceX ကြောင့် အများကြီးတိုးတက်လာမှာပဲဖြစ်ပါတယ်။

Apple iPhone 15 Series ဖုန်းတွေဟာ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး ဂြိုလ်တုဆက်သွယ်ရေးပိုင်းမှာ ဘယ်လိုအပြောင်းအလဲတွေပါဝင် လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China