လာမယ့် ၂၀၂၁ ခုနှစ် အာရှ ရုံတွင်းနဲ့ ကိုယ်ခံပညာ အားကစားပြိုင်ပွဲကြီးမှာ Esports ကိုလည်း ရွှေတံဆိပ်ဆုပေးမယ့် အားကစားနည်းအဖြစ် ထည့်သွင်းလာမယ့်အကြောင်းကို အာရှအီလက်ထရောနစ်အားကစားဖက်ဒရေးရှင်းက ကြေညာခဲ့ပါတယ်။

AIMAG လို့ အတိုကောက်ခေါ်တဲ့ အာရှရုံတွင်းနဲ့ ကိုယ်ခံပညာအားကစားပြိုင်ပွဲဟာ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ အားကစားစုံပြိုင်ပွဲတစ်ခုဖြစ်ပြီး အခုလာမယ့် ၂၀၂၁ မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

အခုလို Esports ကို ဆုတံဆိပ်ချီးမြှင့်မယ့် အားကစားနည်းအဖြစ် ထည့်သွင်းပေးဖို့ အာရှ Esports ဖက်ဒရေးရှင်း၊ ထိုင်း Esports ဖက်ဒရေးရှင်းနဲ့ ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီတို့က တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် အခုလို ထုတ်ပြန်ကြေညာနိုင်ခဲ့တာပါ။ ဒါပေမယ့် ဘယ်ဂိမ်းတွေပါဝင်မယ် စတဲ့ အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

Esports အနေနဲ့ အာရှ ရုံတွင်းအားကစားပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာ ဒါ ပထမအကြိမ်တောင် မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် တို့မှာလည်း ထည့်သွင်းယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ်က အာရှရုံတွင်းနဲ့ကိုယ်ခံပညာအားကစားပြိုင်ပွဲကြီးမှာလည်း Esports အမျိုးအစားခြောက်မျိုးဖြစ်တဲ့ FIFA 13, Need for Speed: Shift 2 Unleashed, StarCraft II, Tekken Tag Tournament 2, League of Legends နဲ့ Special Force တို့ကို ထည့်သွင်းကစားခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်မှာတော့ ထည့်သွင်းကျင်းပခဲ့သေးပေမယ့် ဆုတံဆိပ်မပေးခဲ့ဘဲ အလှပြအားကစားအဖြစ်သာ ယှဉ်ပြိုင်စေခဲ့ပြီး Hearthstone, StarCraft II, The King of Fighters XIV, Dota 2 ဆိုတဲ့ ဂိမ်းလေးမျိုး ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းမှာဆိုရင်လည်း Esports ကို ဆုတံဆိပ်အားကစားအဖြစ် ရွှေတံဆိပ်ခြောက်ခု ချီးမြှင့်ခဲ့ကာ အိမ်ရှင်ဖိလစ်ပိုင်က ဆုတံဆိပ်အများဆုံးရရှိခဲ့ပါတယ်။

Ref – Esportsinsider