Huawei ဟာ အရင်နှစ်ကုန်ပိုင်းက ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Mate X ကို ရောင်းချခဲ့ပြီး တရုတ်မှာ ချက်ချင်း ပစ္စည်းပြတ်သွားလောက်အောင် ရောင်းအားလန်းခဲ့ပါတယ်။ အခုလည်း Mate Xs ကို တရုတ်မှာ ‌ရောင်းပေးလိုက်ပြီး သူ့နောင်တော်ရဲ့ ခြေရာကို အမှီလိုက်နိုင်ခဲ့ပါတယ်။ ပထမ အသုတ်ရောင်းချတဲ့အခါမှာ  စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားပြီး ကုမ္ပဏီက မတ်လ ၈ ရက်နေ့မှာ နောက် ၁ သုတ်ရောင်းပေးမှာပါ။

Huawei က ရောင်းချရတဲ့ Mate Xs အလုံးရေကို မပြောသေးပါဘူး။ Huawei ဟာ တရုတ်မှာ ၁ လကို Mate X ဖုန်း အလုံးရေ  ၁၀၀,၀၀၀ လောက် ရောင်းချခဲ့ရတယ်လို့ အရင် သတင်းတွေအရ သိရပါတယ်။ Mate Xs ရဲ့ ဈေးဟာ Mate X နဲ့ တူတဲ့အတွက်   Mate Xs ဟာလည်း အဲဒီ ပမာဏလောက် ရောင်းရမယ်လို့ ထင်ပါတယ်။ Mate Xs ကို တရုတ်မှာ ယွမ် ၁၆,၉၉၉ နဲ့ ‌ရောင်းပေးထားပြီး မြန်မာငွေ ၃၃ သိန်းလောက်ရှိပါတယ်။

Huawei ဟာ Mate Xs မှာ Kirin 990 5G Chipset နဲ့ အဆင့်မြှင့်ထားပြီး Hinge နဲ့ Cooling စနစ်ကို အဆင့်မြှင့်ထားပါတယ်။ Mate Xs ရဲ့ တခြား Specs တွေက Mate X နဲ့ တူပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 8GB RAM နဲ့ 512GB Storage တွေ ပါပါတယ်။ 55W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းနှုန်းက လန်းပါတယ်။

Ref : gsmarena