အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေက ပုံမှန် စမတ်ဖုန်း၊ Tablet နဲ့ Wearable တွေအပြင် Smart TV စျေးကွက်ကိုပါ ဝင်ရောက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Xiaomi ဟာ စျေးနှုန်းသက်သာသလို အမျိုးအစားမျိုးစုံနဲ့ Smart TV တွေကို ထုတ်လုပ်နေတဲ့အတွက် အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် realme ကနေ India နိုင်ငံမှာ ကုမ္ပဏီအတွက် ပထမဆုံးသော Smart TV တွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ ပါဝင်တဲ့ Feature နဲ့ စျေးနှုန်းတွေအရ realme TV အသစ်တွေက Xiaomi Smart TV တွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်နိုင်တယ်လို့တောင် ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင် realme Smart TV တွေဟာ 32″ HD Ready နဲ့ 43″ Full HD ဆိုပြီး ၂ မျိုးထွက်ရှိလာတာဖြစ်ပြီး Bezel-less LED Display ၊ Android TV ၊ Dolby Speakers နဲ့ Quad Core CPU တွေပါဝင်တဲ့အပြင် INR 12,999 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကနေစတင်ရောင်းချမှာကြောင့်ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ realme ဟာ စမတ်ဖုန်းတွေမှာပါဝင်တဲ့ Chroma Boost Feature ကိုပါ ထည့်သွင်းထားပြီး Maximum Brightness အနေနဲ့ 400 Nits အထိရှိမှာဖြစ်တဲ့အပြင် Viewing Angle ကလည်း 178-degree အထိရှိမှာဖြစ်ပါတယ်။ ဒါတွေက ဒီလိုမျိုး စျေးနှုန်းသက်သာတဲ့ Smart TV တစ်ခုအတွက် တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပါတယ်။

Processor ပိုင်းကိုတော့ realme နဲ့ MediaTek တို့က Customized Quad-core CPU ကိုပြုလုပ်ထားတာဖြစ်ပြီး RAM 1GB နဲ့ 8GB Internal Storage ပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဘေးဘောင်တွေက 32″ Version မှာ 8.7mm ပဲအထူရှိမှာဖြစ်ပြီး 24W Tweet Speaker နဲ့ Full Speaker Speaker တွေကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။ Dolby Audio ကို Support ပြုလုပ်မှာဖြစ်တဲ့အပြင် 100W Soundbar ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

ပိုပြီး realme Smart TV ကို အားသာသွားစေတဲ့အချက်ကတော့ Google Android TV OS ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Google Assistant အပြင် YouTube ၊ Netflix ၊ Amazon Prime ၊ Disney+ အပြင် Google Play Store က App တွေကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအတိအကျအနေနဲ့ကတော့ 32″ realme Smart TV ကို INR 12,999 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ၊ 43″ Version ကိုတော့ INR 21,999 (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena