လက်ရှိ Battle Royale Game တွေထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Fortnite ဟာ Android အတွက် မိတ်ဆက်ခဲ့တာအခုဆိုရင် ၁၈ လဝန်းကျင်လောက်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် Fortnite ဟာ Google Play Store အစား Epic Launcher ကနေ သီးသန့် Download ပြုလုပ်မှ ဆော့ကစားနိုင်တဲ့ Game တစ်ခုလည်းဖြစ်ပါတယ်။

အခုလိုမျိုး Fortnite ကို Play Store ပြင်ပကနေပဲ Download ပြုလုပ်နိုင်အောင်ဆောင်ရွက်ခဲ့တာက Game Developer ကုမ္ပဏီ Epic ကနေ Google ရဲ့ Play Store မှာတင်ထားတဲ့ In-Game ဝယ်ယူမှုအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကောက်ခံတာကို ရှောင်ရှားချင်တဲ့အတွက်ဖြစ်ပါတယ်။ Epic ရဲ့ အဆိုအရတော့ အခုလိုမျိုး ၃၀ ရာခိုင်နှုန်းအထိ Google ကို ပေးနေရတာက မျှတမှုမရှိဘူးလို့ ပြောကြားနေခဲ့တာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ Epic ဟာ Google ကို အရှုံးပေးလိုက်ရပြီဖြစ်ပြီး Play Store ပေါ်မှာ Fortnite ကို တင်ပေးခဲ့ရတဲ့အပြင် Statement တစ်ခုပါ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Statement အရတော့ ၁၈ လကြာ Play Store ပြင်ပမှာ Fortnite ကို ထားရှိပြီးတဲ့အချိန်မှာ အမြင်မှန်ရသွားပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Epic ရဲ့ ပြောကြားချက်အရ Google ဟာ Play Store ပြင်ပမှာ Software Download ပြုလုပ်မှုတွေကို အလွန်ခက်ခဲအောင် ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ Google ကိုယ်တိုင်ကနေ အဆိုပါ Third-party Software တွေကို Malware လို့သတ်မှတ်တာ၊ Play Store ရဲ့ Play Protect လိုမျိုး Feature တွေက လိုက်ပြီးပိတ်ပင်နေတာမျိုးတွေကို ဆက်တိုက်ပြုလုပ်နေတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အသုံးပြုသူတွေအတွက်ကတော့ Fortnite ကို ပုံမှန် Game တွေလိုမျိုးပဲ Play Store ကနေ Download ပြုလုပ်နိုင်တာကတော့ ပိုပြီးအဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်သွားတယ်ပဲ ပြောရမှာပါ။

Ref – The Verge