Apple ဟာ တရုတ်နိုင်ငံအပေါ်မှီခိုမှုကို လျှော့ချဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး၊ အိန္ဒိယမှာအခြေစိုက်ခြင်းကို ပိုပြီးတိုးမြှင့်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေလကထွက်ပေါ်ခဲ့တဲ့သတင်းအရ Apple ဟာ တရုတ်မှာရှိတဲ့ ထုတ်လုပ်မှုရဲ့ ငါးပုံတစ်ပုံကို အိန္ဒိယဆီရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Apple အနေနဲ့ သူ့ရဲ့ထုတ်ကုန်တွေအတွက် Contractors အမျိုးမျိုးနဲ့ ထုတ်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် Foxconn နဲ့သာ အဆင်အပြေဆုံးဖြစ်နေခဲ့ပါတယ်။ အခုတော့ Apple နဲ့ ကာလကြာရှည်လက်တွဲလုပ်ဆောင်ခဲ့တဲ့ Foxconn ကလည်း iPad နဲ့ MacBook တွေကို တရုတ်နိုင်ငံပြင်ပမှာ တပ်ဆင်ထုတ်လုပ်ဖို့ ရွေ့လျားလာပြီဖြစ်ပါတယ်။

အတွင်းပိုင်း သတင်းရင်းမြစ်တစ်ခုအရ Foxconn ဟာ iPads နဲ့ MacBook တွေ တပ်ဆင်ထုတ်လုပ်ဖို့အတွက် ဗီယက်နမ်မှာ Assembly line သစ်တစ်ခု တည်ဆောက်လိုနေတယ်လို့ သိရပါတယ်။ ဒီ Assembly line ဟာ ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ စတင်လည်ပတ်မှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း Bac Giang စီရင်စုမှာ တည်ရှိမယ်လို့ သိရပါတယ်။

ဒီလို ရွှေ့ပြောင်းမှုဟာ Apple က Foxconn ကို တရုတ်နိုင်ငံအပေါ်မှီခိုအားထားမှုကို လျှော့ချဖို့ တောင်းဆိုခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကလည်း တွန်းအားကိုဖြစ်စေတာပါ။ Foxconn ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှပေးခြင်း မရှိပါဘူး။ ဒါပေမယ့် ဗီယက်နမ်မှာ ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစောကတည်းက FuKang Technology Co Ltd အတွက် ဒေါ်လာ သန်း ၂၇၀ အသုံးပြုဖို့ စီစဉ်ပြီးဖြစ်ပါတယ်။

Ref: GSM Arena