Samsung ကနေ အခုအချိန်မှာ High End အနေနဲ့ Galaxy S Series နဲ့ Galaxy Note Series ဆိုပြီး မိတ်ဆက်ထားပြီး Mid Range စျေးကွက်အတွက်ကတော့ Galaxy A Series ဆိုပြီး ရောင်းချနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ Camera ပိုင်းကို ဦးစားပေးထားလာမယ့် Galaxy F Series အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါပြီ။ အဆိုပါ Galaxy F Series ဖုန်းတွေဟာ India စျေးကွက်မှာ အရင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Rs 20,000 (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Samsung ကနေ India နိုင်ငံအတွက် Galaxy A Series အပြင် Galaxy M Series ဖုန်းတွေကိုပါ ရောင်းချနေတဲ့အတွက် အခုလိုမျိုး F Series ပါ ထပ်မံရောင်းချဦးမယ်ဆိုရင် အချင်းချင်းပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း Galaxy M Series ဖုန်းတွေဟာ Battery ပိုင်းဦးစားပေးထားပြီးတော့ Galaxy F Series ဖုန်းတွေကိုတော့ Camera ပိုင်းမှာ စျေးနှုန်းတူဖုန်းတွေထက် ပိုကောင်းအောင် မိတ်ဆက်လာဖို့များနေပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Galaxy F Series စမတ်ဖုန်းတွေဟာ Mid Range ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Optical Image Stabilization (OIS) လိုမျိုး Feature တွေရရှိလာနိုင်ပြီး ပိုပြီး အရည်အသွေးကောင်းမွန်တဲ့ Image Sensor တွေ၊ Feature တွေနဲ့ Specialized Lenses တွေ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် အတိအကျသတင်းထွက်ရှိထားခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းရခက်ခဲနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် India နိုင်ငံမှာ လာမယ့် အောက်တိုဘာလမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တခြားသောစျေးကွက်တွေမှာပါ မိတ်ဆက်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority