Samsung ဟာ Android 11 ကို အခြေခံထားတဲ့ One UI 3.0 Update ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ကမ္ဘာတစ်ဝန်းက သူ့ရဲ့ထုတ်ကုန်တွေဆီ ဖြန့်ချိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Update သစ်ဟာ အခုအချိန်အထိ Premium device တွေပဲ လက်ခံရရှိသေးတာကို တွေ့နိုင်ပါတယ်။

Update သစ်တွေကို ပရီမီယံအမျိုးအစားတွေဆီပဲ အရင်ဆုံးထုတ်ပေးတာကတော့ Brand တိုင်းလိုလိုပါပဲ။ ကွာခြားတာက Mid-range နဲ့ ဘတ်ဂျက်အမျိုးအစားတွေဆီ ဘယ်လောက်မြန်မြန်ထုတ်ပေးသလဲဆိုတာပါ။ Samsung ကတော့ သူတို့ရဲ့ နောက်ဆုံး One UI 3.0 ကို ဘတ်ဂျက်စမတ်ဖုန်းဖြစ်တဲ့ Galaxy M31 ဆီ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ ခရစ္စမတ်မတိုင်မီကတည်းက Galaxy M31 ကို One UI 3.0 beta ထုတ်ပေးခဲ့တာပါ။ အခုတော့ M31 သုံးစွဲသူအားလုံးအတွက် Stable build ကို ထုတ်ပေးလိုက်နိုင်တာ ဖြစ်ပါတယ်။ ကနဦးထုတ်ပြန်မှုတွေအရဆိုရင်တော့ Galaxy M31 ရဲ့ Update ရရှိချိန်ဟာ ၂၀၂၁ မတ်လမှ ရမှာဖြစ်ပါတယ်။ အခုတော့ ၂ လကြိုပြီးရတယ်လို့ ဆိုရမှာပါ။

တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ အခုလက်ရှိ Update ရထားတဲ့ Device တွေအားလုံးဟာ မူလသတ်မှတ်ထားချိန်ထက် စောနေကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် Galaxy M31 စောပြီးရလာတာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ Galaxy M31 အတွက် Update ဟာ အိန္ဒိယမှာတော့ Firmware ဗားရှင်း M315FXXU2BUAC နဲ့ ဖြစ်ပါတယ်။ Update ဟာ ဇန်နဝါရီ ၂၀၂၁ အထိ Security patch level ပါဝင်ပြီး အရွယ်အစားက 1882.13MB ဖြစ်ပါတယ်။

Ref: Gizmochina