Samsung ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ တတိယသုံးလပတ်အတွင်းမှာ Galaxy Note 20 စီးရီးနဲ့ Galaxy Fold 2 ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ သတင်းအတော်များများမှာ ဖော်ပြနေကြတာကတော့ Galaxy Note Unpacked ကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်မယ်ဆိုတာပါပဲ။

လက်ရှိအခြေအနေအရ Galaxy Note Unpacked ဟာ Online event သာ ဖြစ်ဖွယ်ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် မိတ်ဆက်ဖို့နီးကပ်လာပြီဆိုတော့ Galaxy Note 20 နဲ့ Galaxy Fold 2 တို့ရဲ့ သတင်းတွေက ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာပြီလို့ ဆိုရတော့မှာပါ။

ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် လူသိများထင်ရှားတဲ့ Leakster @OnLeaks ကတစ်ဆင့် 3D CAD render တွေနဲ့ specs အတော်များများကို သိရလေ့ရှိပေမယ့် အခုမျိုးဆက်သစ် Galaxy Fold ရဲ့သတင်းတွေကတော့ တိတ်ဆိတ်နေဆဲပါပဲ။ များသောအားဖြင့် တရားဝင်မိတ်ဆက်ဖို့ တစ်ပတ်အလို၊ ဒါမှမဟုတ် တစ်လလောက်အလိုကတည်းက ပေါက်ကြားသတင်းတွေ ပလူပျံနေတတ်တာပါ။

ကုမ္ပဏီတွေကတော့ ဒီလိုပေါက်ကြားသတင်းတွေကို တတ်နိုင်သမျှလျော့ကျအောင် ဂရုစိုက်ကြပါတယ်။ အကြောင်းက မိတ်ဆက်မယ့်ထုတ်ကုန်ရဲ့ အကြောင်းအရာတွေကို ကြိုသိနေကြတာက အမှန်တကယ်တရားဝင်မိတ်ဆက်ချိန်မှာ စိတ်လှုပ်ရှားမှုကို လျော့နည်းသွားစေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းယိုစိမ့်မှုအကုန်လုံးကိုတော့ မပိတ်ပင်နိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပေါက်ကြားမှုတွေအရ Galaxy Note 20 ဟာ 6.9-inch WQHD+ AMOLED display နဲ့ဆိုတာရယ်၊ 120Hz refresh rate နဲ့ဆိုတာရယ်ကို သိခဲ့ရပြီး ဖြစ်ပါတယ်။ ဒါတင်မကဘဲ ပြီးခဲ့တဲ့နှစ်က Plus မျိုးကွဲနေရာမှာ အစားထိုးမယ့် Ultra မော်ဒယ်လည်း ထွက်ဦးမယ်လို့ သတင်းရထားတာပါ။

Galaxy Note 20 မှာ 108MP အဓိကကင်မရာ၊ 12MP ultra-wide နဲ့ 13MP telephoto တွေပါဝင်မှာဖြစ်ပြီး 50x digital zoom လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Galaxy Fold 2 ကတော့ 7.59-inch အတွင်းမျက်နှာပြင်နဲ့ဖြစ်ပြီး 2213 x 1689 pixels resolution ဖြစ်တယ်လို့ သိရပါတယ်။ 120Hz refresh rate နဲ့ UTG အမျိုးအစားလည်း ဖြစ်ပါတယ်။

Galaxy Fold 2 မှာလည်း S Pen ကို ထောက်ပံ့ပေးထားမယ်လို့ သတင်းထွက်ထားပါတယ်။ နောက်ဆုံးအချက်ကတော့ Cover display ဟာ 6.32-inch ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူစိတ်ဝင်စားမှုများတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုအနေနဲ့ သတင်းပေါက်ကြားမှုကို အပြည့်အဝထိန်းချုပ်နိုင်မှာမဟုတ်တဲ့အတွက် ဒီ Device တွေနဲ့ပတ်သက်တဲ့ အချက်တွေက မဖြစ်မနေထွက်ပေါ်လာဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena