Samsung Galaxy Note 20 စီးရီးအကြောင်းသတင်းတွေကတော့ ထွက်ပေါ်ခဲ့တာ ကြာပါပြီ။ ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့သတင်းကတော့ Galaxy Note 20 စီးရီးရဲ့ မျက်နှာပြင်ဆိုင်ရာ အချက်အလက်တွေအကြောင်း ဖြစ်ပါတယ်။ အတည်ပြုချက်မရသေးတဲ့ ကောလာဟလဆိုပေမယ့် Note 20 Ultra မရှိဘူးဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဒီသတင်းပေါက်ကြားလာတဲ့ရင်းမြစ်က Display Supply China Consultants (DSCC) ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Ross Young ဆီကနေ ဖြစ်ပါတယ်။ ဒါကြောင့် ရာနှုန်းပြည့်မဟုတ်ရင်တောင် ရာနှုန်းပြည့်နီးပါး မှန်ကန်နိုင်တဲ့သတင်းလို့ ဆိုရမှာပါ။ ဒါ့အပြင် အတော်လေးကို အသေးစိတ်ကျတဲ့ အချက်အလက်တွေလည်း ဖြစ်နေပါတယ်။

Galaxy Note 20 ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.42-inch ဖြစ်ပြီး 2345 x 1080 resolution ဖြစ်ပါတယ်။ PPI ကတော့ 401 ဖြစ်ပြီး 19.5:9 အချိုးဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ 120Hz Refresh rate နဲ့ဖြစ်တယ် ဆိုတာပါပဲ။ မျက်နှာပြင်ဟာ Low-Temperature Polycrystalline Oxide (LTPO) အမျိုးအစား ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု နည်းပါးပါတယ်။

Galaxy Note 20+ ကတော့ 6.87-inch ဖြစ်ပြီး အနည်းငယ်ပိုကြီးတယ်လို့ ဆိုရမှာပါ။ Resolution ကတော့ 3096 x 1444 ဖြစ်ပြီး PPI ကတော့ 479 ဖြစ်ပါတယ်။ Aspect ratio ကတော့ 19.3:9 ဖြစ်ပါတယ်။ Standard ဗားရှင်းလိုပဲ Galaxy Note 20+ ရဲ့မျက်နှာပြင်ကလည်း 120Hz refresh rate နဲ့ဖြစ်ပြီး LTPO panel နဲ့ပဲ ဖြစ်ပါတယ်။

Ross ပြောတာကတော့ Galaxy Note 20 Ultra မရှိဘူးဆိုတဲ့ အချက်ပါ။ ဒါပေမယ့် Galaxy Fold 2 ဟာ သင့်အတွက် Ultra ဖြစ်လိမ့်မယ်လို့ ဆိုထားတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ စကားပါပဲ။ ဘာပဲဖြစ်ဖြစ် Galaxy Note 20 Ultra မရှိဘူးဆိုတာကတော့ သေချာသလောက် ဖြစ်သွားပြီမို့ နောက်ထပ် သတင်းတွေပေါက်ကြားလာမှာကိုပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina