Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy Note Series ဖုန်းတွေဖြစ်တဲ့ Note 20 Series ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ ထွက်ရှိလာတဲ့ Samsung Galaxy S21 နဲ့ သက်ဆိုင်တဲ့သတင်းတစ်ခုအရ နောက်ပိုင်းမှာ Galaxy Note Series ဖုန်းတွေဟာ ပျောက်ကွယ်နိုင်ခြေတောင် ရှိနေပါတယ်။

ဒါကတော့ Samsung ကနေ Galaxy S21 စမတ်ဖုန်းတွေအတွက် S Pen ပါဝင်တဲ့ Version ကို ပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Galaxy S21 Ultra ဖုန်းမှာ S Pen ကို ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

Samsung ဟာ Galaxy S21 စမတ်ဖုန်းကို Model ၃ မျိုးမိတ်ဆက်သွားမယ်လို့ သိရပြီးတော့ လောလောဆယ်မှာ Codename အနေနဲ့ “Unbound” လို့ ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Model ၃ မျိုးဟာ Galaxy S21 ၊ S21+ နဲ့ S21 Ultra ဖုန်းတွေဖြစ်လာဖွယ်ရှိနေပါတယ်။ ပုံမှန် S21 နဲ့ S21+ ဖုန်းတွေမှာတော့ S Pen ပါဝင်လာမယ်ဆိုတဲ့သတင်းထွက်ရှိလာခြင်းမရှိပါဘူး။

အခုလိုမျိုး Galaxy S21 Ultra ဖုန်းမှာ S Pen ကို စတင်ထည့်သွင်းလာတာဟာ လာမယ့် ၂၀၂၁ နှစ်ဝက်ပိုင်းမှာ မိတ်ဆက်လာဦးမယ့် Galaxy Z Fold 3 Foldable Phone ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy Z Fold 3 မှာ S Pen ကိုထည့်သွင်းသွားဖို့ အရိတ်အမြွတ်ပြောကြားခဲ့ဖူးပါတယ်။

အဲ့ဒီအတွက် S Pen ကြောင့် Galaxy Note Series ဖုန်းကို ဝယ်ယူတယ်ဆိုတာက နောက်နှစ်မှာတော့ ပျောက်ကွယ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ Galaxy S Series နဲ့ Z Fold Series ဖုန်းတွေကပဲ Note Series ကို အစားထိုးဖွယ်ရှိနေပါတယ်။

Ref – Sam Mobile