ဒေါ်လာ ၂ ထောင် (မြန်မာငွေ ၂၅ သိန်းလောက်) ရှိတဲ့ Samsung Galaxy Z Fold2 ဟာ တောင်ကိုရီးယားမှာ ကြိုတင်မှာယူမှု များနေပါတယ်။ အလုံးရေ ၅၀,၀၀၀ လောက် ကြိုတင်မှာယူထားကြတယ်လို့ သိရတဲ့အတွက် ကပ်ရောဂါ ကာလအတွင်း ရောင်းအား ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

SamMobile က Samsung ရဲ့ မိခင်နိုင်ငံမှာ ဒီဇိုင်းလန်းတဲ့ Foldable စမတ်ဖုန်းရဲ့ ကြိုတင်ရောင်းချရတဲ့ အရေအတွက်ဟာ စံချိန်တင်သွားတယ်လို့ ပြောပါတယ်။ ဒီလို ဈေးကြီးတဲ့ စမတ်ဖုန်းကို ငွေအပြည့်သွင်းပြီး ကြိုတင်မှာယူသူဟာ လက်ရှိမှာ ၅၀,၀၀၀ ကျော်ရှိပြီး ဒီ ၁ ပတ်အကုန်မှာ ၆၀,၀၀၀ လောက်အထိ တိုးတက်သွားနိုင်ပါတယ်။ အဲဒီ အရေအတွက်ထဲမှာ စမတ်ဖုန်း အဟောင်းသွင်းပြီး ဝယ်ယူတဲ့ လူတွေလည်း ပါပါတယ်။

Galaxy Z Fold2 ဟာ မျက်နှာပြင် ကြီးမားတဲ့အတွက် Multitasking လုပ်ရင် အရမ်း ကောင်းသလို ခေါက်ချိုးနိုင်တဲ့အတွက် သယ်ဆောင်ရတာလည်း လွယ်ကူအဆင်ပြေပါတယ်။ ဒီဇိုင်းလန်းရုံတင် မကသေးပါဘူး။ စွမ်းဆောင်ရည်ကလည်း အရင်မျိုးဆက်ထက် အများကြီး ပိုကောင်းလာတဲ့အတွက် လူတွေ ကြိုက်ကြတာပါ။

လာမယ့် သောကြာနေ့မှာ တရားဝင် ရောင်းချပေးမှာ ဖြစ်ပြီး ကြိုတင်မှာယူထားသူတွေအတွက်တော့ ဒီရက်ပိုင်းထဲမှာ ဖုန်း ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းလန်းတဲ့ ဖုန်းကို ဒီလို ဈေးကြီးပေး ဝယ်မလားဆိုတာ စာဖတ်သူတွေ ထင်မြင်ချက်ပေးသွားကြပါဦး။

Ref : phonearena