Gionee S Series ဖုန်း အသစ်တွေကို ၂၀၁၇ ခုနှစ်ကတည်းက မတွေ့ခဲ့ကြရတော့တာပါ။ အခုတော့ ပျောက်ချက်သားကောင်းနေတဲ့ Gionee S Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါပြီ။ Gionee S12 Lite လို့ နာမည်ပေးထားပြီး အောက်တိုဘာလ ၅ ရက်နေ့ နိုင်ဂျီးရီးယားမှာ ရောင်းမှာပါ။ ဈေးနှုန်းကို မသိရသေးပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ တန်ဖိုးနည်း ဖုန်းဆိုတာ သေချာပါတယ်။

Gionee S12 Lite မှာ ၆.၅၂ လက်မ IPS LCD 720x1600p မျက်နှာပြင်၊ 20:9 Aspect Ratio ၊ Android 10 နဲ့ MediaTek Helio A25 Chipset တွေ ပါလာပါတယ်။ တန်ဖိုးနည်း ဖုန်းဖြစ်တဲ့အတွက် 3GB RAM နဲ့ 32GB Storage ပဲ ပါလာပေမယ့် microSD Card စိုက်နိုင်လို့ တော်ပါသေးတယ်။ SIM Slot ၂ ခု တပ်ဆင်ထားတဲ့ LTE ဖုန်း ဖြစ်ပါတယ်။

ကင်မရာတွေ အကြောင်းပြောရရင် အနောက်ဘက်မှာ 13MP Main , 5MP Ultrawide နဲ့ 2MP Depth  ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ၁ လုံး ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေကနေ 1080p 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပြီး 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ ဒိတ်အောက်နေတဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။

နားကြပ်ပေါက်၊ WiFi နဲ့ Bluetooth 4.2 ထောက်ပံ့ထားပေမယ့် NFC တော့ မပါပါဘူး။ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး နောက် ၁ ပတ်မှာ ဈေးနှုန်းကို ကြေညာမှာပါ။

Ref : gsmarena