ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ဟာ ပြန်လှည့်ကြည့်မယ်ဆိုရင် ဝမ်းနည်းစရာ မှတ်တမ်းအချို့နဲ့ ကပ်ရောဂါဆိုးကြီးကို မမြင်ချင်လည်း မြင်နေရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဘယ်သူမှမလိုချင်တဲ့ ကပ်ရောဂါဆိုးကြီးဟာ ဘယ်သူမှမလိုချင်တဲ့ လူနေမှုစနစ်နဲ့၊ ထိခိုက်နစ်နာမှုတွေကို သယ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ ထိခိုက်ကျဆင်းမှုတွေမှာ စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်လည်း ပါဝင်ခဲ့ပါတယ်။ ဒါကို Digitimes Research ကထုတ်ပြန်လိုက်တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့မှုအချက်အလက်တွေက သက်သေခံနေပါတယ်။ အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့မှုဟာ စုစုပေါင်း ယူနစ် ၁.၂၄ သန်း တင်ပို့ခဲ့တာဖြစ်ပေမယ့် ၈.၈% ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးဖြစ်ပွားနေဆဲဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးကြောင့် စမတ်ဖုန်းဝယ်လိုအားနဲ့ ရောင်းလိုအားလည်း ပြီးခဲ့တဲ့နှစ်သုံးလပတ်နဲ့နှိုင်းယှဉ်ရင် ရှင်းရှင်းလင်းလင်းကို ကျဆင်းနေတာ တွေ့မြင်နိုင်ပါတယ်။ နှစ်စဉ်တင်ပို့မှုနှုန်းအနေနဲ့ပြောရင်လည်း ၂၀% အထိ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

Samsung, Apple နဲ့ Huawei စတဲ့အမှတ်တံဆိပ်သုံးခုဟာ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဦးဆောင်စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်ပြီး၊ သူတို့နောက်မှာတော့ Xiaomi, OPPO နဲ့ Vivo တို့ရှိနေကြပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် Apple နဲ့ Xiaomi တို့ဟာ တင်ပို့ရောင်းချမှု ၁၀% ကျော်မြင့်တက်ခဲ့တဲ့ ကုမ္ပဏီနှစ်ခုဖြစ်ပါတယ်။ Samsung နဲ့ Huawei တို့ကတော့ ဂဏန်းနှစ်လုံးအထိ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကုမ္ပဏီနှစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သိသိသာသာတိုးတက်လာတာကိုပြပါဆိုရင်တော့ 5G ကူးပြောင်းမှုနှုန်းပဲဖြစ်ပါလိမ့်မယ်။ ၂၀၁၉ ခုနှစ်တုန်းက ခန့်မှန်းခြေအားဖြင့် 5G device ပေါင်း သန်း ၂၀ လောက်ပဲတင်ပို့နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ ယူနစ် သန်းပေါင်း ၂၈၀ ကနေ ၃၀၀ ကြား တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

Ref: GSM Arena