Google က ကိုရိုနာဗိုင်းရက်စ် ကူးစက်မှာ စိုးတဲ့အတွက် အီတလီ၊ အီရန်၊ ဂျပန်နဲ့ တောင်ကိုရီးယားကို ဝန်ထမ်းတွေ ခရီးသွားတာ ပိတ်ပင်လိုက်တယ်လို့ Business Insider က ပြောပါတယ်။ Amazon ကလည်း ဝန်ထမ်းတွေ မလိုအပ်ဘဲ ခရီးမသွားဖို့ ညွှန်ကြားလိုက်ပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးက တရုတ်ကို ခရီးသွားတာ ပိတ်ပင်ထားပြီးဖြစ်ပြီး Google ဟာ ဇန်နဝါရီလကုန်ထဲက တရုတ်က ရုံးတွေကို  ယာယီ ပိတ်ထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှ Google ဝန်ထမ်း ၁ ယောက်ဟာ ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံနေရတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က The Verge ကို ပြောပါတယ်။ သူက အဲဒီ ဝန်ထမ်းဟာ ရောဂါလက္ခဏာ မပြခင် ဇူးရစ်က ရုံးမှာ အချိန်ခဏရှိနေခဲ့တယ်လို့ ပြောပါတယ်။ Amazon ရဲ့ အကြီးတန်း ဒုတိယဥက္ကဌ Dave Clark က ဧပြီလကုန်အထိ ဝန်ထမ်းတွေ အစည်းအဝေးအတွက် ခရီးသွားတာကို မစီစဉ်ဘူးလို့ အီးမေးကနေ သတင်းပေးထားပါတယ်။ Amazon ဟာ လေယာဉ်ခရီးစားရိတ် အများဆုံး သုံးတဲ့ ကုမ္ပဏီ ၁ ခု ဖြစ်ပြီး ၂၀၁၇ ခုနှစ်က လေယာဉ်လက်မှတ်ဖိုး ဒေါ်လာ သန်း ၂၂၀ တောင် သုံးခဲ့ပါတယ်။

Amazon က အလုပ်ခန့်ဖို့အတွက် လူချင်းတွေ့ပြီး အင်တာဗျူးတာကို ဖျက်သိမ်းထားပြီး Video Chat ကနေပဲ အင်တာဗျူးဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာအဝန်းမှာ COVID-19 ကူးစက်သူ လက်ရှိမှာ ၈၃,၀၀၀ ကျော်ရှိလာပြီ ဖြစ်ပြီး တရုတ်မှာ အများဆုံး ကူးစက်နေတာပါ။ ဒါပေမယ့် ဂျပန်၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေမှာလည်း ကူးစက်မှုမြင့်တက်လာပြီး တောင်ကိုရီးယားမှာ ကူးစက်သူ ၃,၅၀၀ ကျော်သွားပါပြီ။

ဗိုင်းရက်စ်ကြောင့် နည်းပညာ နယ်ပယ်ကိုလည်း များစွာ ထိခိုက်နေပြီး တရုတ်နိုင်ငံတလွှားက စတိုးဆိုင်တွေကို ပိတ်ထားရသလို ကုန်ပစ္စည်းထုတ်လုပ်မှုတွေ နှောင့်နှေးနေပါတယ်။ Amazon , ZTE နဲ့ Sony တို့လို ကုမ္ပဏီတွေ နှုတ်ထွက်လိုက်တဲ့အတွက် Mobile World Congress နည်းပညာ ပြပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ Facebook ကလည်း နှစ်စဉ်ကျင်းပနေတဲ့ F8 Developer Conference ကို ရပ်နားမယ်လို့ ကြေညာထားပါတယ်။

Ref : theverge