Google ဟာ ယခုလအစောပိုင်းမှာ Google Pixel 6 Series ရဲ့ Design ဓါတ်ပုံတွေအပါအဝင် ပါဝင်တဲ့ Chipset နဲ့ Specification အချို့ကို တရားဝင်မိတ်ဆက်ထားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Mid Range ဖုန်းအသစ်ဖြစ်တဲ့ Google Pixel 5a with 5G ကို တရားဝင်မိတ်ဆက်ခဲ့ပါသေးတယ်။

ဒီလိုမျိုး Google ဟာ ယခုနှစ်မှာ Pixel ဖုန်းတွေမိတ်ဆက်မှုကို ပုံစံပြောင်းလဲထားပေမယ့် ကျိန်းသေတာကတော့ ယခုနှစ်ကုန်ပိုင်းမှာ ထွက်ရှိလာမယ့် Google Pixel 6 Series ကို တော်တော်လေးအာရုံစိုက်ထားပုံရပါတယ်။ အစောပိုင်းတုန်းက ထွက်ရှိထားတဲ့သတင်းအရတော့ Google ဟာ Pixel 6 Series အတွက် Marketing Budget ကို အမြောက်အများသုံးစွဲသွားမှာဖြစ်ပါတယ်။

Google အနေနဲ့ အခုလိုမျိုး Pixel 6 Series ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Google Pixel 5 နဲ့ Pixel 4a 5G ဖုန်းတွေရောင်းချမှုကိုပါ ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ Pixel 4a 5G ကို အရောင်းရပ်ဆိုင်းလိုက်တာကတော့ လက်ရှိအချိန်မှာ Design အတူတူကိုမှ ပိုကောင်းပြီး စျေးပိုသက်သာတဲ့ Pixel 5a with 5G ဖုန်းမိတ်ဆက်တာကြောင့်ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Google Pixel 5 ကို အရောင်းရပ်ဆိုင်းလိုက်တဲ့အတွက် လောလောဆယ်မှာ Google Pixel Flagship ဖုန်းကိုဝယ်ယူချင်တယ်ဆိုရင် Pixel 6 Series မိတ်ဆက်တဲ့အချိန်အထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ Google အနေနဲ့ Pixel 6 Series မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ အောက်တိုဘာလဝန်းကျင်မှပဲ မိတ်ဆက်သွားဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 6 Series ဖုန်းတွေဟာ ကိုယ်ပိုင် Google Tensor Chip ကို ပြောင်းလဲအသုံးပြုလာမယ့်အပြင် Design ပိုင်း၊ Camera ပိုင်းမှာပါ အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်လာမှာဖြစ်တာကြောင့် ကျိန်းသေစောင့်ကြည့်သင့်ပါတယ်။

Ref – 9to5Google