Google ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်း Budget ဖုန်းတစ်လုံးဖြစ်တဲ့ Pixel 4a စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လာမယ့်နှစ်ကုန်ပိုင်းမှာလည်း 5G Support ပြုလုပ်တဲ့စမတ်ဖုန်းတွေဖြစ်လာမယ့် Pixel 4a (5G) နဲ့ Pixel 5 စမတ်ဖုန်းတွေ မိတ်ဆက်ဖို့ရှိနေတယ်လို့လည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါ Pixel 5 စမတ်ဖုန်းက Qualcomm Snapdragon 765G Chipset ကိုအသုံးပြုထားမယ်လို့ သိရပြီးတော့ Screen Size အနေနဲ့ကတော့ Pixel 4a (5G) ထက် ပိုပြီး သေးငယ်နိုင်မယ်လို့ ယူဆရပါတယ်။ Pixel 5 စမတ်ဖုန်းဟာ မနှစ်တုန်းက Pixel 4 Series လိုမျိုး 3D Face Unlock တော့ပါဝင်မှာမဟုတ်ပေမယ့် Punch-hole Selfie Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုအချိန်မှာလည်း AI Benchmark တစ်ခုမှာ Google Pixel 5 ဖုန်းကို တွေ့မြင်လာခဲ့ရပြီဖြစ်ပါတယ်။ အဆိုပါ Benchmark မှာတော့ Qualcomm Snapdragon 765G Chipset ကို အတည်ပြုနိုင်တဲ့အပြင် RAM အနေနဲ့လည်း 8GB ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 5 စမတ်ဖုန်းဟာ Google Pixel ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ RAM 8GB ပါဝင်မယ့်ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Pixel 4a (5G) စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ $499 ကနေ စတင်မယ်လို့ သိရပြီး Pixel 5 ဖုန်းအနေနဲ့ကတော့ Water Resistant ၊ High Refresh Display နဲ့ Wireless Charging လိုမျိုး Feature တွေပါ ပါဝင်လာမယ့်အတွက် $699 ကနေ စတင်ရောင်းချနိုင်ပါတယ်။

Ref – Gizmo China