Google က Pixel 7 , Pixel 7 Pro နဲ့ Pixel Watch တွေကို ကြေညာတဲ့ ပွဲမှာ ၂၀၂၃ ခုနှစ်မှာ ရောင်းမယ့် Google Pixel တက်ဘလက်ရဲ့ ဒီဇိုင်း၊  လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ အဓိက သတင်းအချက်အလက်တွေကို ပြောသွားခဲ့ပါတယ်။

Google Pixel Tablet

ဒီဇိုင်း အကြောင်းကို အရင် ပြောရအောင်။ Google က Pixel တက်ဘလက်ဟာ ကိုင်ရတာ သက်တောင့်သက်သာ ရှိပြီး လှပတဲ့ မျက်နှာပြင် ပါလာမယ်လို့ ပြောပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး Google က မျှဝေထားတဲ့ Pixel တက်ဘလက်ရဲ့ ဓါတ်ပုံတွေအရ အရှေ့ ကင်မရာဘေးမှာ ဆန်ဆာ ၁ ခု တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီက အဲဒီ အကြောင်း မပြောသွားပါဘူး။ အနောက်ဘက်မှာ Flash မပါဘဲ ကင်မရာ ၁ လုံးထဲ ထည့်သွင်းထားပါတယ်။

pixel tablet charging speaker dock

Google က Pixel တက်ဘလက်အတွက် Charging Dock ကို ထုတ်လုပ်ထားမှာ ဖြစ်ပြီး ကုမ္ပဏီက Charging Speaker Dock လို့ ပြောတဲ့အတွက် စမတ် နေအိမ် စပီကာလို သုံးနိုင်ကာ ကြိုးမဲ့ အားသွင်းနိုင်မှာပါ။ ဒါ့အပြင် စမတ် နေအိမ် Display လိုလည်း သုံးနိုင်မှာ ဖြစ်ပြီး အင်တာနက် ချိတ်ဆက်ထားတဲ့ Device အားလုံးကို ကြည့်နိုင်မှာပါ။ Pixel တက်ဘလက်ကို နေအိမ်မှာ သုံးဖို့ ဒီဇိုင်းထုတ်ထားတဲ့အတွက် GPS နဲ့ SIM ဆက်သွယ်မှုလို လုပ်ဆောင်ချက်တွေ မပါလာနိုင်ပါဘူး။ Android 13 မောင်းနှင်ထားမှာ ဖြစ်ပြီး Tensor Chipset ပါလာမှာပါ။

pixel tablet smart home display

ပေါက်ကြားသတင်းတွေအရ Google Pixel တက်ဘလက်မှာ ၁၀.၉၅ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 128GB/256GB Storage ပါလာမှာပါ။ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းလတွေမှာ ကြေညာမှာပါ။

Ref : gizmochina