တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ လန်ဒန် အခြေစိုက် Goldgenie က အလန်းစား ထုတ်ကုန်အသစ်ကို ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Samsung Galaxy S20 Series တွေကို ၂၄ ကာရက်ရွှေနဲ့ အလှဆင်ပြီး ရောင်းချပေးလိုက်ပါတယ်။ မျက်နှာပြင်နဲ့ကင်မရာတွေကလွဲပြီး အနောက်ဘက်နဲ့ ဘေးဘက်တွေကို ရွှေနဲ့ သွန်းလောင်းထားပါတယ်။

ဈေးက သေးမှာ မဟုတ်ဘဲ ဘောစိတွေပဲ ကိုင်နိုင်မယ့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Galaxy S20 LTE ဟာ ၃,၃၉၇ စတာလင်ပေါင်ကစပြီး အဲဒီဖုန်းထက် မြင့်တဲ့ မော်ဒယ်တွေဟာ စတာလင်ပေါင် ၂၀၀ စီပိုများသွားမှာပါ။ အဲဒီအတွက် Galaxy S20+ ဟာ ၃,၅၉၇ စတာလင်ပေါင်နဲ့ S20 Ultra ဟာ ၃,၇၉၇ စတာလင်ပေါင် ရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆၁ သိန်း၊ ၆၄ သိန်းနဲ့ ၆၈ သိန်းလောက် အသီးသီး ကျသင့်မှာပါ။

S20 နဲ့ S20+ ရဲ့ အထက်ပါ ဈေးတွေဟာ LTE Version တွေအတွက် ဖြစ်ပြီး 5G Version ကို လိုချင်ရင် စတာလင်ပေါင် ၁၀၀ စီပိုများသွားမှာပါ။ Galaxy S20 Ultra အတွက် 5G Version ကိုပဲ ထုတ်လုပ်ပေးထားပါတယ်။

Goldgenie က ရွှေနဲ့ အလှဆင်ထားတဲ့ Galaxy S20 Series တွေကို ကြိုတင်မှာယူခွင့်ပေးလိုက်ပြီ ဖြစ်ပြီး မတ်လကုန်မှာ ပို့ဆောင်ပေးမယ်လို့ထင်ရပါတယ်။ တန်ဖိုးကြီးသလို အလန်းစား Package လည်း ထည့်သွင်းပေးထားပြီး Goldgenie က ထုတ်လုပ်ထားတာ မှန်ကန်ကြောင်း အသိအမှတ်ပြုလက်မှတ် ပါပါတယ်။

Ref : gsmarena