Honor 9X နဲ့ Honor 9X Pro ဟာ HiSilicon Kirin 810 SoC ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်ပြီး အရင်နှစ် ဇူလိုင်လက စတင် ရောင်းချပေးခဲ့တာပါ။ အခုတော့ Honor ရဲ့ ဈေးကွက်မြှင့်တင်ရေး ဌာနက ဒုတိယ ဥက္ကဌ Guan Haitao က တရုတ်မှာ အလုံးရေ ၁၀ သန်းကျော် ရောင်းချထားနိုင်ပြီလို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ကြေညာလိုက်ပါတယ်။

Honor 9X Series ဟာ တရုတ်မှာ စတင် ရောင်းချပြီး ၂၉ ရက်အတွင်းမှာ အလုံးရေ ၃ သန်းကျော်တောင် ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမယ့် ပြိုင်ဖက်တွေနဲ့ Huawei , Honor တို့ရဲ့ စမတ်ဖုန်း အသစ်တွေကြောင့် အလုံးရေ ၁၀ သန်းရောင်းချရဖို့ ၈ လတောင်ကြာမြင့်ခဲ့ပါတယ်။

ရက်သတ္တပတ်တိုင်းလိုလို စမတ်ဖုန်း အသစ်တွေထွက်နေတဲ့ကြားကမှ Honor 9X Series တွေ ဒီလောက် ရောင်းအားကောင်းနေတာက အောင်မြင်တယ်လို့ ပြောရမှာပါ။ နိုင်ငံတကာ ဈေးကွက်မှာ Honor 9X နဲ့ 9X Pro တို့ ရောင်းအားကို ထည့်တွက်ရင် ဒီထက် ရောင်းအား ကောင်းမှာ သေချာပါတယ်။

အဲဒီ စမတ်ဖုန်းတွေမှာ မောင်းနှင်ထားတဲ့ HiSilicon Kirin 810 Chipset တွေအတွက်လည်း Honor က ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီ Chipset ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ HiSilicon Kirin 820 5G ကို မကြာခင်က ကြေညာခဲ့ပြီး 5G Modem ပါလာပါတယ်။ မျိုးဆက်သစ်ကို ပူပူနွေးနွေး ကြေညာထားတဲ့  Honor 30S မှာ ထည့်သွင်းထားပါတယ်။ နောက်ထွက်မယ့် Huawei Nova 7 SE မှာလည်း အဲဒီ 7nm 5G Chipset ပါလာနိုင်ပါတယ်။

Ref : gizmochina