Honor ဟာ Huawei ကနေ မွေးဖွားပေးလိုက်တဲ့ အမှတ်တံဆိပ်တစ်ခုဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ အလှည့်အပြောင်းတစ်ခုမှာ Honor ဟာ Huawei ရဲ့ ထိန်းချုပ်မှုအောက်ကနေ ထွက်ခွာသွားပြီး သီးသန့်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အခုတော့ Honor ဟာ Huawei ရဲ့ ခြေရာကိုနင်းတာတင်မကဘဲ ပိုပြီးတော့လက်စောင်းထက်ပြဖို့ အနေအထားတစ်ရပ်ကို ပြသနေပါပြီ။

၂၀၂၂ ခုနှစ် ရဲ့ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံမှာ စမတ်ဖုန်းအလုံးရေ ၇၄.၂ သန်းအထိ တင်ပို့ရောင်းချခဲ့ကြတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၄% ကျဆင်းခဲ့တာပါ။ ဒါတွေဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဈေးကွက်ထဲမှာတွေ့မြင်ခဲ့ရတဲ့ အဆိုးဆုံးအခြေအနေတွေနဲ့ အတူတူပါပဲ။ အကြောင်းရင်းကတော့ Wave အသစ်တွေနဲ့အတူ Lockdowns ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

Selfie ကို အဓိကထားပြီး ထိုးဖောက်နေတဲ့ vivo ဟာ ဈေးကွက်ဝေစု ၁၉.၇% အထိ ကျဆင်းသွားပေမဲ့ သူ့ရဲ့မိသားစုဝင်ဖြစ်တဲ့ OPPO ကတော့ ဈေးကွက်ရဲ့ နံပါတ်တစ်နေရာကနေ ဖယ်ပေးလိုက်ရတာကို တွေ့ရပါတယ်။ ဒါဟာ vivo S စီးရီးတွေရဲ့ စွမ်းဆောင်မှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ တစ်ဖက်ကကြည့်ရင် ဒါဟာ OPPO ရဲ့ ဈေးကွက်ရှယ်ယာက ၁၈% အထိ ထိုးကျသွားတာကြောင့်လည်း ဖြစ်ပါတယ်။

iPhone 13 ကတော့ အဆိုပါသုံးလပတ်အတွင်း တရုတ်ဈေးကွက်မှာ ရောင်းအားအကောင်းဆုံးဖုန်းဖြစ်ခဲ့ပေမဲ့ စတင်မိတ်ဆက်ခဲ့ချိန်ကနဲ့နှိုင်းယှဉ်ရင်တော့ ဝယ်လိုအားက ကျဆင်းသွားတာကို တွေ့မြင်နိုင်ပါတယ်။ အခြားတစ်ဖက်ကကြည့်ရင်တော့ Apple အနေနဲ့ Huawei ရဲ့ ကျဆုံးမှုကနေ အကျိုးအမြတ်အချို့ကို ရရှိသွားတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ Honor ကတော့ အနိမ့်ဆုံးဖြစ်တဲ့ ၅% ကနေ ၁၇% အထိ ထိုးတက်သွားခဲ့တာပါ။ တစ်ဖက်မှာ Huawei ကတော့ ၁၅% ကနေ ၆.၂% အထိ ထိုးကျသွားခဲ့တာကို တွေ့မြင်ရပါတယ်။ Honor 60, 60 Pro, 60 SE စတာတွေဟာ လူကြိုက်များခဲ့ပြီး ကုမ္ပဏီရဲ့ နှစ်စဉ်တိုးတက်မှုကို တွန်းအားပေးထောက်ကူခဲ့ပါတယ်။ Honor အနေနဲ့ သူ့ရဲ့မဟာဗျူဟာကို ဆက်ပြီးအကောင်အထည်ဖော်သွားမယ်ဆိုရင် ဒီနှစ်ကုန်ဆုံးချိန်ရလဒ်က စိတ်ဝင်စားစရာ အတော်ကောင်းလာပါလိမ့်မယ်။

Ref: GSM Arena