Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်ပြီး US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် Qualcomm Chipset တွေကို အသုံးပြုနိုင်ခြင်းမရှိတော့သလို Google Mobile Services ကိုလည်း Huawei ဖုန်းတွေမှာ ထည့်သွင်းနိုင်ခြင်းမရှိတော့ပါဘူး။

အခုလိုမျိုး Huawei ကုမ္ပဏီကို ပိတ်ဆို့လိုက်တဲ့အထဲမှာ Huawei ရဲ့ ကုမ္ပဏီခွဲဖြစ်ခဲ့တဲ့ Honor လည်းပါဝင်ခဲ့ပြီး Huawei စမတ်ဖုန်းတွေလိုမျိုးပဲ Google Mobile Services တွေကို သုံးစွဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ Honor ဟာ Huawei လက်အောက်ကနေ လုံးဝကွဲထွက်သွားပြီဖြစ်သလို Huawei နဲ့ မသက်ဆိုင်တော့တဲ့အတွက် US အစိုးရရဲ့ Ban ထားတာကနေလည်း လွတ်မြောက်တော့မယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ Honor ဟာ Google Mobile Services ပါဝင်တဲ့ စမတ်ဖုန်း Series အသစ်ကို မိတ်ဆက်ဖို့စတင်စီစဥ်နေပြီလို့ သတင်းတွေထွက်ပေါ်နေတာကြောင့်ဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Russian Newspaper ဌာနတစ်ခုဖြစ်တဲ့ Kommersant ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Honor ဟာ Huawei ကနေ ကွဲထွက်လိုက်တဲ့အတွက် Huawei ရဲ့ Kirin Chipset တွေအပြင် Huawei Mobile Services (HMS) ကိုပါ အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း Huawei ရဲ့ ကိုယ်ပိုင် App Store ဖြစ်တဲ့ App Gallery ကိုတော့ ဆက်လက်အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

Huawei အပါအဝင် Honor ကုမ္ပဏီဟာ Google Mobile Service ပါဝင်ခြင်းမရှိတဲ့စမတ်ဖုန်းတွေကို မိတ်ဆက်လာတာ အချိန်အားဖြင့် ၁ နှစ်ခွဲဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာ မိတ်ဆက်မယ့် Honor V40 စမတ်ဖုန်းတွေဟာ Huawei လက်အောက်မှာရှိနေတုန်းက ထုတ်လုပ်ထားခဲ့တဲ့အတွက် Google Mobile Services ပါဝင်မှာတော့မဟုတ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Honor အနေနဲ့ Google Mobile Services ပါဝင်တဲ့စမတ်ဖုန်းတွေကို ပြန်လည်မိတ်ဆက်လာမယ်ဆိုတာကတော့ ဝမ်းသာစရာသတင်းတစ်ခုလို့ ပြောရမှာပါ။

Ref – GSM Arena