Battery စွမ်းအင်သုံး မော်တာပါတဲ့ Electronic Vehicle တစ်စင်း အလုပ်လုပ်ပုံကရိုးရှင်းပါတယ်။ နေတိုင်းလမ်းပေါ်မှာတွေ့ နေရတဲ့ လောင်စာဆီသုံးကားတွေထက်ပိုရိုးရှင်းတယ်လို့ ပြောလို့ရပါတယ်။ EV တစ်စီးမှာ ရှုတ်ထွေး လေးလံတဲ့ စက်အစိတ်အပိုင်းတွေ အများကြီးပါလေ့မရှိပါဘူး။

Electric မော်တာ၊ မော်တာအတွက် Controller နဲ့ Battery စတာတွေပေါင်းလိုက်ရင် EV ကားတစ်စီးကို မောင်းနိုင်အောင်လုပ်လို့ရပါပြီ။ မော်တာဆီက လိုအပ်တဲ့ လျှပ်စစ်ပမာဏကိုပို့ပေးဖို့အတွက် Controller ကထိန်းချုပ်ပြီး လိုအပ်သလောက်ပို့်ပေးနိုင်ဖို့ Battery ဆီက အားကို ချိန်ညှိပေးပါတယ်။ Battery နဲ့ မော်တာကြားမှာ မောင်းနှင်မယ့် လူက နေရာယူပါတယ်။ ခြေထောက်ကနင်းသလောက် ကားကိုပြေးအောင်လုပ်ပေးတာ Controller နဲ့ မော်တာတွေပူးပေါင်း အလုပ်လုပ်ပေးလို့ပါ။

EV တွေ သာမန်ကားတွေနဲ့ကွာခြားတဲ့ အချက်တစ်ခုကတော့ ဂီယာတွေမပါတာပဲဖြစ်ပါတယ်။ EV တစ်စီးကို ရှေ့ကိုမောင်းမယ်ဆိုရင် သာမန်ကားတွေလို အရှိန်ပေါ်လိုက်ပြီး ဂီယာအပြောင်းအလဲလုပ်စရာမလိုပါဘူး။ အကြောင်းကတော့ မော်တာတွေက ကားဘီးတွေနဲ့တိုက်ရိုက်ချိတ်ထားတာဖြစ်တာနဲ့ Battery ဆီက လျှပ်စစ်စွမ်းအင်ကို ယူတာဖြစ်လို့ အရှိန်နဲ့ပတ်သက်လာရင် ချက်ချင်းတင်လိုက်လို့ရတာမျိုးကြောင့်ပါ။ ကားထဲမှာ Drive, Park နဲ့ Reverse လောက်ပဲပါမှာပါ။

မော်တာတွေကို ဘီးတွေနဲ့ ချိတ်ဆက်ပေးတဲ့နေရာမှာ ကြားထဲက ဂီယာထည့်မထားတာကြောင့်လည်း အရှိန်တင်တဲ့အခါ အခြားကားတွေထက် ပိုမြန်မြန်တင်လို့ရပါတယ်။ EV တွေက သာမန် လောက်စာဆီသုံး ပြိုင်ကားတွေကိုတောင် အရှိန်ပိုင်းမှာ ယှဉ်ပြိုင်မယ်ဆိုရင် အလွယ်လေး အနိုင်ရမှာပါ။ ဂီယာမပါတာက အားသာချက်တစ်ခုလိုဖြစ်နေပါတယ်။ ဂီယာတစ်ခုနဲ့ တစ်ခုအကူးအပြောင်းမရှိတာကြောင့် Gearbox ပြဿနာလိုမျိုးတွေလည်း တက်စရာမရှိတော့ပါဘူး။ သာမန်ကားတွေထက် ပြုပြင်ထိန်းထိမ်းစားရိတ်မှာလည်း သိသိသာသာလျှော့နည်းလာမှာ သေချာပါတယ်။