စမတ်ဖုန်းတွေမှာပဲ ဘက်ထရီပိုင်းကို ဂရုစိုက်ဖို့ လိုအပ်တာမဟုတ်ပါဘူး။ Laptop တွေမှာလည်း ဘက်ထရီပိုင်းကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘက်ထရီကို သက်တမ်းကြာရှည်အောင် ဘယ်လိုသုံးရမယ်ဆိုတာနဲ့ပတ်သက်လာရင် အကြံပြုချက်တွေက အတော်လေးများပါတယ်။ ဒီအထဲကမှ Digital trends က ရေးသားဖော်ပြထားတဲ့ အချက်အချို့ကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

ဘက်ထရီ စက်ဝန်းကို ထိန်းချုပ်ခြင်း
Laptop ဘက်ထရီအများစုဟာ Charge cycles အကြိမ်ရေပေါ်မူတည်ပြီး သက်တမ်းသတ်မှတ်ပေးထားတာမျိုးပါ။ ဥပမာ အကြိမ်ရေ ၅၀၀ အားသွင်းနိုင်တယ်ဆိုတာမျိုးပါ။ အခြေခံအားဖြင့် ဘက်ထရီအားသွင်းစက်ဝန်းလည်ပတ်ပုံကိုသတ်မှတ်တာက ၀% ကနေ ၁၀၀% အားပြန်သွင်းရင် တစ်ကြိမ်ပါ။ ၅၀% ကနေ ၁၀၀% အပြည့်အားသွင်းရင်တော့ ကြိမ်ရေတစ်ဝက်လို့ သတ်မှတ်ပါတယ်။ ဒီသတ်မှတ်ချက်ပေါ်မူတည်ပြီး ဘက်ထရီသက်တမ်းကြာရှည်စေဖို့ နည်းလမ်းတွေကြံဆလာကြပါတယ်။ နည်းလမ်းတွေ၊ အကြံပြုချက်တွေ၊ လမ်းညွှန်ချက်တွေ ဘယ်လောက်များများ ခဏခဏအားမသွင်းရရင် ကြာကြာသုံးရမယ်ဆိုတာပါပဲ။

ဘက်ထရီကို “ဇုန်” ထဲမှာပဲ ထားပါ
Laptop ကို အမြဲတမ်းလိုလို Charging ကြိုးနဲ့သုံးစွဲတာကလည်း ဘက်ထရီရဲ့လည်ပတ်မှုသံသရာစက်ဝန်းကို အနည်းငယ်တော့ ပျက်စီးစေပါတယ်။ ဒါကြောင့် ဘက်ထရီစက်ဝန်းကို မပျက်စီးစေဖို့အတွက် အားသွင်းရင်း သုံးတာမျိူး‌ေတွကို တတ်နိုင်သလောက် ရှေ‌ာင်သင့်ပါတယ်။ဘက်ထရီကို ၂၀% လောက်ရောက်တဲ့အထိ အသုံးပြုပြီးမှ အားပြန်သွင်းတာဟာ ဘက်ထရီစက်ဝန်းကို ထိန်းသိမ်းတာဖြစ်ပါတယ်။

ဘက်ထရီကို ၁၀၀% အထိအားသွင်းခြင်းဟာ အသုံးပြုနိုင်တဲ့ သက်တမ်းကို မြန်မြန်ကုန်ဆုံးစေတယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ ဒါကြောင့် ဘက်ထရီ ၈၀% ရောက်သွားရင်အားဆက်မသွင်းတော့ဘဲ ၁၀၀% အပြည့်ရောက်အောင်မသွားတော့ဘဲ ဘက်ထရီအားသွင်းစက်ဝန်းအကြိမ်ရေကို လျော့ချဖို့ကြိုးစားတာမျိုးလည်းရှိပါတယ်။ ဒီအယူအဆကို Acer အမှတ်တံဆိပ်က အသုံးပြုသူတွေကို တရားဝင်အကြံပေးထားပါတယ်။

အခြေခံအကျဆုံးအချက်ကတော့ ၂၀% အောက်ရောက်အောင်သုံးတာမျိုးကို မကြာခဏမပြုလုပ်မိစေဖို့ပါပဲ။ နောက်ထပ်ဂရုစိုက်ရမဲ့အချက်က Laptop ကို မသုံးဘဲအချိန်အကြာကြီးပစ်ထားမယ်ဆိုရင် ဘက်ထရီပမာဏကို ၅၀%လောက်ရောက်တဲ့အထိ အားသွင်းထားတာ၊ ဒါမှမဟုတ် ၅၀% လောက်ရောက်တဲ့အထိ အားမသွင်းဘဲသုံးလိုက်တာမျိုး လုပ်ပြီးမှ ပစ်ထားတာမျိုးလုပ်ဖို့ အကြံပေးထားပါတယ်။

ပူလာရင် ဘက်ထရီအသုံးပြုမှုကို လျှော့ချပါ
ဘက်ထရီတစ်လုံးက ပူလွန်းမကပူလာပြီဆိုရင် အတွင်းမှာ လျှပ်စစ်ဓာတုတုံ့ပြန်မှုပိုများလာပါတယ်။ အကျိုးဆက်ကတော့ စွမ်းအင်ကို ပိုပြီးထုတ်ရသလို ပိုပြီးပူလောင်လာစေပါတယ်။ ပြီးတော့ ဘက်ထရီအတွင်းပိုင်းတွေကို ပျက်စီးစေပြီး ဘက်ထရီသက်တမ်းကို လျော့နည်းသွားစေတာပါ။ ဒါကြောင့် ဘက်ထရီပူလာစေမဲ့ ကိစ္စတွေကိုတတ်နိုင်သမျှ ရှောင်ကျဉ်တာ ကောင်းပါတယ်။
နွေရာသီလိုပူလောင်တဲ့အချိန်မျိုးမှာ ဘက်ထရီကို ပိုပြီးဂရုစိုက်ရပါတယ်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တဲ့နေရာမျိုးမှာထားတာ၊ Laptop ရဲ့အအေးစနစ်ကိုအထောက်အကူပေးနေတဲ့ လေဝင်၊ လေထွက်ပေါက်တွေကို ပိတ်ထားတာ (ဒါမျိုးက Laptop ကို ပေါင်ပေါ်တင်သုံးချိန်၊ အိပ်ရာပေါ်မှာချထားပြီးသုံးတဲ့အချိန်မျိုးမှာ အများဆုံးဖြစ်တတ်ပါတယ်) မျိုးမဖြစ်စေဖို့ ဂရုစိုက်ရပါမယ်။ Laptop ဘက်ထရီအပူချိန်ကိုစောင့်ကြည့်နိုင်တဲ့ (Windows အတွက်) Core Temp, Real Temp တို့လို App တွေ အသုံးပြုသင့်ပါတယ်။

သတိပေးထိန်းချုပ်မှုစနစ်တွေ ဖွင့်ထားပါ
Windows 10 မှာ Battery Saver mode ထောက်ပံ့ပေးထားတာကို တွေ့ရပါလိမ့်မယ်။ Battery saver mode ကို ဖွင့်ထားတဲ့အခါ ဘက်ထရီကို သက်တမ်း ထိခိုက်စေခြင်းတွေကနေ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ နောက်တစ်ချက်က OS ကို Update လုပ်ပေးတာကလည်း ပရိုဂရမ်တွေကို ကောင်းမွန်စွာလည်ပတ်လုပ်ဆောင်စေနိုင်ပြီး ဘက်ထရီအသုံးပြုမှုကိုလည်း လျှော့ချပေးတာကြောင့် ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။

Ref: Digital trends