Laptop ပေါ်ကို ကော်ဖီခွက်၊ ဒါမှမဟုတ် အရည်တစ်မျိုးမျိုးမှောက်ကျဖူးတဲ့သူဆိုရင်တော့ ဒီပြဿနာဟာ ဘယ်လောက်စိတ်ညစ်စရာကောင်းလဲဆိုတာကို သိကြပါလိမ့်မယ်။ မတော်တဆမှောက်ကျသွားရင်တော့ Laptop ထဲမှာကျန်နေတဲ့အချိုရည်တွေက အချိန်အတော်ကြာကြာ ဒုက္ခပေးတတ်ပါတယ်။

အကယ်၍ Laptop ပေါ်ကို အချိုရည် ဒါမှမဟုတ် ရေလိုမျိုးအရည်တစ်မျိုုးမျိုးဖိတ်စဉ်ကျသွားခဲ့ရင် အရေးပေါ်တုံ့ပြန်ရမဲ့အချက်တွေကို အချိန်မဆိုင်းဘဲ ချက်ချင်းပြုလုပ်သင့်ပါတယ်။ ဒါမှ Laptop ဟာ ထိခိုက်ပျက်စီးမှုနည်းပါးမှာဖြစ်ပါတယ်။ အရေးပေါ်တုံ့ပြန်ရမဲ့ အပိုင်းနှစ်ခုမှာ ပထမအပိုင်းကို အမြန်ဆုံးလုပ်နိုင်ဖို့ ပိုလိုအပ်ပါတယ်။

၁။ ပါဝါပိတ်လိုက်ပါ
Laptop ပေါ်ကို အရည်တစ်မျိုးမျိုး ဖိတ်ကျသွားပြီဆိုတာနဲ့ အရင်ဦးဆုံးလုပ်ရမှာက ပါဝါပိတ်လိုက်ဖို့ပါ။ ဖြစ်နိုင်ရင်တော့ အရေးပေါ် Save လုပ်ရမယ့်ဟာတွေကို Save လုပ်ပြီး ပါဝါခလုတ်ကို ၅ စက္ကန့်ကြာဖိပြီး အရေးပေါ်ပိတ်ချလိုက်ပါ။ ကြိုးတပ်ပြီးလျှပ်စစ်မီးနဲ့သုံးနေတယ်ဆိုရင် ကြိုးကိုလည်းဖြုတ်ပါ။ ဘက်ထရီဖြုတ်လို့ရတဲ့အမျိုးအစားဆိုရင် ဘက်ထရီဖြုတ်ပါ။

၂။ ဇောက်ထိုးလှန်ပါ
ဖိတ်ကျသွားတဲ့အရည်တွေ Laptop အတွင်းပိုင်းဆီ ထပ်ပြီးဝင်မသွားအောင်လို့ ဇောက်ထိုးလှန်ထားလိုက်ပါ။ “V” ပုံသဏ္ဍာန်ဖြစ်အောင်ထားပြီး ဇောက်ထိုးထားတာဟာ ကီးဘုတ်အောက်ကအရည်တွေကို တစ်နေရာတည်းမှာ စုစည်းမိစေပြီး ထိခိုက်လွယ်တဲ့အတွင်းအစိတ်အပိုင်းအချို့ကို ထိခိုက်မှုနည်းပါးစေပါလိမ့်မယ်။ ဇောက်ထိုးလှန်ထားတဲ့နေရာဟာ ညီညာတဲ့မျက်နှာပြင်တစ်ခုပေါ်မှာဆိုရင်တော့ ပိုကောင်းပါတယ်။

၃။ ဆက်စပ်ပစ္စည်းတွေကို ဖယ်ရှားပါ
ပထမအဆင့်နှစ်ဆင့်ကို လုပ်ဆောင်ပြီးရင် Laptop နဲ့တွဲပြီးအသုံးပြုနေတဲ့ USB device အပါအဝင် အားလုံးကို ဖြုတ်ပါ။ SD ကဒ်၊ နားကြပ်၊ Bluetooth device စတာတွေအားလုံးကိုဖယ်ရှားပစ်ပါ။ ဒီအချက်သုံးချက်ကို ပြုလုပ်ပြီးရင်တော့ အခြားဘာမှမလုပ်တတ်ဘူးဆိုရင် ပြုပြင်ရေးစင်တာကို ယူဆောင်သွားသင့်ပါတယ်။

၄။ အစိုဓါတ်တွေကို စုပ်ယူပါ
Laptop တစ်ခုလုံး ရေထဲကိုနစ်သွားတာမျိုးမဟုတ်ဘဲ မတော်တဆ အရည်ဖိတ်ကျတာဆိုရင်တော့ အတွင်းပိုင်းကိုဖွင့်ပြီး ချည်စချည်နမထွက်တဲ့ပဝါစ (Lint-free towel) မျိုးနဲ့ အရည်တွေကို စုပ်ယူနိုင်ပါတယ်။ အတင်းဖိသုတ်တာမျိုးတော့ ရှောင်စေချင်ပါတယ်။

၆။ ဖယ်ရှားနိုင်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပါ
အကယ်၍ စာဖတ်သူဟာ Laptop တွေရဲ့အတွင်းအစိတ်အပိုင်းတွေနဲ့ သိပ်ပြီးမစိမ်းဘူးဆိုရင်တော့ အတွင်းပိုင်းက ဖယ်ရှားနိုင်တဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်လိုက်ပါ။ အချို့ Laptop တွေကတော့ Hard Disk ကိုပါ အလွယ်တကူဖြုတ်နိုင်အောင်ပြုလုပ်ထားတာကြောင့် ဖြုတ်ထားလိုက်ပါ။ ပြီးတော့ RAM ကလည်း ဖြုတ်ရတာ လွယ်ကူပါတယ်။

၇။ အခြောက်ခံပါ
Service Center နဲ့ အလှမ်းဝေးရင်တော့ ဒီအတိုင်းအခြောက်ခံထားရမှာပါ။ အပေါ်ကအဆင့်တွေပြုလုပ်ထားတဲ့ Laptop ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ၄၈ နာရီကြာ အခြောက်ခံထားပါ။ ပြင်ပလေနဲ့ထိတွေ့တဲ့အခါ တော်ရုံအရည်အချို့နဲ့ အစိုဓါတ်တွေဟာ ခြောက်သွေ့လွယ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေက အရေးပေါ်အခြေအနေမှာ အလျှင်အမြန်တုံ့ပြန်ဖို့ပါပဲ။ အကယ်၍ Service Center ကို ပို့ဆောင်နိုင်တဲ့အခြေအနေရရှိရင်တော့ ပထမအဆင့် ၃ ဆင့်ကိုပြုလုပ်ပြီးတာနဲ့ ကျွမ်းကျင်သူဆီ ယူဆောင်သွားသင့်ပါတယ်။

Ref: Wich.co.uk