ထိုင်ဝမ် နည်းပညာ ကုမ္ပဏီ HTC ဟာ စမတ်ဖုန်း လောကကနေ ပျောက်ချက်သားကောင်းနေတာ ကြာနေပါပြီ။ ကုမ္ပဏီဟာ VR Headset ဈေးကွက်ကို အာရုံစိုက်ထားပြီး မကြာခင်က Vive Flow VR Headset ကို ကြေညာခဲ့ပါတယ်။ အခုတော့ HTC True Wireless Earbuds Plus အမည်ရ နားကြပ်ကို ကြေညာလိုက်ပါတယ်။

 HTC True Wireless Earbuds Plus

နားထဲထည့်သွင်း ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး ဆီလီကွန် ထိပ်ဖူး ပါတဲ့အတွက် နားထဲမှာ သက်တောင့်သက်သာ ရှိစေပါတယ်။ တိုတောင်းတဲ့ Stem တွေ ပါလာပြီး Active Noise Cancellation (ANC) ထည့်ထားတဲ့အတွက် ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက ANC ဖွင့်ထားရင် ၄ နာရီခွဲနဲ့ ပိတ်ထားရင် ၅ နာရီခွဲ အသုံးခံပါတယ်။

 HTC True Wireless Earbuds Plus

HTC က Charging Case ကို ဖန်တီးပေးထားပြီး အဲဒီက ဘက်ထရီနဲ့ ပေါင်းရင် ၈၆ နာရီအထိ သီချင်းနားထောင်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နားကြပ်မှာ IPX5 ချွေးနဲ့ ရေစိုခံ စံနှုန်း ပါတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်တော်ပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်အကြောင်းပြောရရင် HTC True Wireless Earbuds Pro ကို ဗြိတိန်မှာ ၆၉ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ကျသင့်မှာပါ။ အနက်နဲ့ အဖြူ ၂ ရောင် ထုတ်လုပ်ထားပြီး ဗြိတိန်မှာ ရောင်းချပေးလိုက်ပါပြီ။ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina