Huawei ကနေ လာမယ့် မတ်လဝန်းကျင်မှာ Mate X Foldable Phone ကို အဆင့်မြှင့်တင်ထားတဲ့ Mate Xs Foldable Phone အသစ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Mate Xs ဖုန်းသစ်ဟာ Design ပိုင်းအရတော့ Huawei Mate X နဲ့ ဆင်တူပေမယ့် Kirin 990 5G Chipset အပြင် နည်းပညာအသစ်တွေပါဝင်လာမှာပါ။

အခုအချိန်မှာတော့ အဆိုပါ Huawei Mate Xs နဲ့ ပတ်သတ်တဲ့သတင်းအချို့ထွက်ရှိလာပြီးတော့ Huawei ကနေ Mate Xs ဖုန်းနဲ့အတူ 65W SuperCharge Fast Charging နည်းပညာအသစ်ကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါက လက်ရှိ Huawei P30 Pro နဲ့ Mate 30 Pro ဖုန်းတွေမှာပါဝင်တဲ့ 40W SuperCharge အပြင် Mate X ဖုန်းရဲ့ 55W SuperCharge နည်းပညာတွေထက်ပါ ပိုပြီး မြန်ဆန်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Huawei Mate Xs Foldable Phone မှာ 65W SuperCharge နည်းပညာကို ထည့်သွင်းလာမယ်ဆိုပေမယ့် ပုံမှန် Flagship ဖုန်းဖြစ်လာမယ့် Huawei P40 Pro မှာရော ထည့်သွင်းလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

နောက်ထပ်သိရှိရတဲ့သတင်းအရ Huawei Mate Xs မှာပါဝင်တဲ့ 65W SuperCharge Charger ဟာ 92g ပဲ အလေးချိန်ရှိပြီး လက်ရှိ Huawei MateBook 14 2020 မှာပါဝင်တဲ့ 65W Charger ရဲ့ အလေးချိန် 160g ထက် အများကြီး ပိုပြီး ပေါ့ပါးနေမှာဖြစ်ပါတယ်။ အဆိုပါ Charger ဟာ စမတ်ဖုန်းတွေအပြင် USB-C Charging Support လုပ်တဲ့ Laptop တွေကိုပါ အားသွင်းနိုင်ဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက်ကတော့ Xiaomi ကလည်း 66W Fast Charging ကို ဆောင်ရွက်နေပြီး OPPO ကလည်း Find X2 စမတ်ဖုန်းတွေမှာ 65W SuperVOOC 3.0 Fast Charging Feature တွေကို ထည့်သွင်းလာမှာဖြစ်တဲ့အတွက် Battery Charging ပိုင်းမှာ ဘယ်သူအမြန်ဆုံးဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China