ကမ္ဘာ့နိုင်ငံအတော်များများက 5G မျိုးဆက်ကို ပြောင်းလဲလာချိန်မှာ အိန္ဒိယနိုင်ငံကလည်း အလားတူလိုက်ပါပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ဒီပြောင်းလဲမှုအတွက် အိန္ဒိယရဲ့ အော်ပရေတာတွေဟာ Huawei, ZTE တို့လို တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး 5G စမ်းသပ်မှုတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလောအခြေအနေအရ Huawei နဲ့ ZTE တို့ဟာ အိန္ဒိယအစိုးရရဲ့ တင်းကြပ်တဲ့ ကိုင်တွယ်မှုတွေကြောင့် ရှေ့ဆက်ဖို့အလားအလာကောင်းတွေ လျော့နည်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်အခြေစိုက်ကုမ္ပဏီနှစ်ခုဟာ အိန္ဒိယရဲ့ ဆက်သွယ်ရေးနည်းပညာလုပ်ကွက်ဆီကနေ ထွက်ခွာသွားနိုင်ခြေ ရှိကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်မှာ ဒီကုမ္ပဏီနှစ်ခုဟာ နည်းပါးတဲ့ အခြေစိုက်စခန်းတွေမှာပဲ အကန့်အသတ်နဲ့ပြုလုပ်ခွင့်ရထားတာ ဖြစ်ပါတယ်။ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ တရုတ်−အိန္ဒိယ နယ်စပ်ပြဿနာနောက်ပိုင်း တရုတ်မိုလ်ဘိုင်း App တွေ ပိတ်ပင်ခြင်းခံရသလို၊ ဒီနည်းပညာကုမ္ပဏီနှစ်ခုကလည်း တင်းကြပ်တဲ့စည်းမျဉ်းတွေအောက်မှာ ခက်ခဲမှုတွေ ကြုံလာရနိုင်တာပဲ ဖြစ်ပါတယ်။

အိန္ဒိယထောက်လှမ်းရေးဗျူရို (IB) ဟာ ပြည်ပကနေ အချက်အလက်တွေ ထိန်းချုပ်သိုလှောင်တာကို ကန့်သတ်လိုက်တာကလည်း အဓိကအကြပ်အတည်းလို ဖြစ်လာပါတယ်။ ဒါ့အပြင် တရုတ်ရဲ့သွင်းကုန်တွေကို ယာယီကန့်သတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေတဲ့အခြေအနေလည်း ဖြစ်ပေါ်နေပါတယ်။ အိန္ဒိယအစိုးရက ပြောင်းလဲလိုက်တဲ့ မူဝါဒတွေကို ဖြေလျှော့ပေးခြင်း မပြုဘူးဆိုရင် Huawei နဲ့ ZTE တို့ရဲ့ လုပ်ငန်းတွေလည်း ဆက်လက်ချောမွေ့ဖွယ် မရှိတာအမှန်ပဲ ဖြစ်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ များသောအားဖြင့် အချက်အလက်တွေကို သူတို့ရဲ့အခြေစိုက်ရုံးချုပ်ကပဲ ထိန်းချုပ်ပြီး ပြဿနာတွေကိုဖြေရှင်းလေ့ရှိပါတယ်။ Huawei နဲ့ ZTE တို့လည်း အလားတူလုပ်ကိုင်ကြတာပဲ ဖြစ်ပါတယ်။ အနာဂတ် 5G စမ်းသပ်မှုတွေမှာ Huawei နဲ့ ZTE တို့ ပါဝင်ပတ်သက်ခွင့်ပြုမပြုကို အိန္ဒိယအစိုးရက ဆုံးဖြတ်ချက်မချရသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina