Huawei ဟာ ပြီးခဲ့တဲ့နှစ်တုန်းက US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ခံခဲ့ရပြီး Google နဲ့ Qualcomm လိုမျိုး ကုမ္ပဏီတွေနဲ့ပါ အဆက်အသွယ်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ ကိုယ်ပိုင် Huawei Mobile Services (HMS) နဲ့ HiSilicon Kirin Chipset တွေကို ပြောင်းလဲအသုံးပြုလာခဲ့ပြီး အခုဆိုရင်တော်တော်လေးကို အောင်မြင်နေပြီဖြစ်ပါတယ်။

အခုလည်း Huawei ရဲ့ Semiconductor ကုမ္ပဏီဖြစ်တဲ့ HiSilicon ဟာ တရုတ်နိုင်ငံတွင်းမှာ Qualcomm ကို ကျော်တက်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပထမ ၃ လပတ်အတွင်းမှာ အကြီးမားဆုံး SoC Chipset တွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ဒါက Huawei အတွက်တော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ ပြောရမှာပါ။

HiSilicon ဟာ ယခုနှစ်ပထမ ၃ လပတ်မှာ စျေးကွက်ရာခိုင်နှုန်း ၄၃.၉ ရာခိုင်နှုန်းအထိ ရယူထားနိုင်တာဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ ပြီးခဲ့တဲ့နှစ်အလားတူအချိန်တုန်းက စျေးကွက်ပိုင်ဆိုင်မှု ၂၄.၃ ရာခိုင်နှုန်းနဲ့ယှဥ်မယ်ဆိုရင် ၂ ဆ နီးပါးကို တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။ Qualcomm အနေနဲ့ကတော့ မနှစ်တုန်းက စျေးကွက်ပိုင်ဆိုင်မှု ၄၈.၁ ရာခိုင်နှုန်းကနေ ယခုနှစ်မှာ ၃၇.၈ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။

တခြားသော ကုမ္ပဏီတွေအနေနဲ့ကတော့ MediaTek လည်း မနှစ်တုန်းက ၁၉ ရာခိုင်နှုန်းကနေ ယခုနှစ်မှာ ၁၃.၁ ရာခိုင်နှုန်းကို ကျဆင်းသွားပြီးတော့ Apple ကတော့ မနှစ်က ၈.၄ ရာခိုင်နှုန်းကနေ ယခုနှစ်မှာ ၈.၅ ရာခိုင်နှုန်းနဲ့ ပြောင်းလဲမှုမရှိဘူးလို့တောင် ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ အခုအတိုင်းဆက်သွားမယ်ဆိုရင် လက်ရှိ နာမည်ကြီး Chipset Maker ဖြစ်တဲ့ Qualcomm ကို ကောင်းကောင်းယှဥ်ပြိုင်လာနိုင်ခြေရှိနေပါတယ်။

Ref – Giz China