ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အမေရိကန်ပြည်ထောင်စုတရားရေးဌာနက တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ကို တရားဝင် စွဲချက်တင်လိုက်ပါတယ်။ စွဲချက်မှာ Huawei ဟာ မမှန်မကန်နည်းလမ်းနဲ့ စီးပွားရေးလုပ်ဆောင်ကြောင်း၊ ခိုးယူကြောင်း၊ ကဖျက်ယဖျက်လုပ်ကြောင်း စတဲ့စွပ်စွဲချက်တွေအပါအဝင် ကြီးလေးတဲ့ပြစ်မှုတွေ ကျူးလွန်ထားကြောင်း ထည့်သွင်းခဲ့ပါတယ်။

Huawei ပေါ် တင်ထားတဲ့ စွပ်စွဲချက်တွေက ပြင်းထန်ပေမယ့်၊ တင်ထားတဲ့စွဲချက်တွေအတွက် များပြားတဲ့ သက်သေအထောက်အထားတွေကိုတော့ ပြသနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း Huawei က သူတို့ကုမ္ပဏီရဲ့ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားတွေကို အများပြည်သူသိအောင် ဖွင့်ချပြဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီတောင်းဆိုချက်နဲ့တင် Huawei ဟာ အမေရိကန်က စွပ်စွဲထားတဲ့ ပြစ်မှုတွေအားလုံးအတွက် အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ “ကျွန်တော်တို့ပြောချင်တာကတော့၊ ဖုံးကွယ်မထားပါနဲ့၊ ရှောင်ထွက်မသွားပါနဲ့၊ ချပြလိုက်ပါ၊ ကမ္ဘာကြီး ကြည့်မြင်ပါစေ” လို့ Huawei ရဲ့ ဆိုက်ဘာလုံခြုံရေးအကြီးအကဲ John Suffolk က ပြောပါတယ်။

Suffolk အထူးတလည်ရည်ညွှန်းတာက အခြားနိုင်ငံတွေက လုပ်ဆောင်တဲ့ ကွန်ရက်ဆက်သွယ်မှုတွေကို ထောက်လှမ်းဖို့ ကုမ္ပဏီကပြုလုပ်ထားတဲ့ “backdoors” နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Huawei အနေနဲ့ ကိုယ့်ရဲ့ ကုန်အမှတ်တံဆိပ်ခိုင်မာစေဖို့အတွက် ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ခိုးယူတယ် ဆိုတဲ့စွပ်စွဲချက်တွေကိုလည်း ရည်ညွှန်းခဲ့ပါသေးတယ်။

နောက်ဆုံးအနေနဲ့၊ အကယ်၍သာ ဒီစွပ်စွဲချက်တွေက မှန်ကန်နေမယ်ဆိုရင် Huawei ဟာ အခြားပြိုင်ဘက်တွေထက် သိသိသာသာ ကြီးထွားနေလိမ့်မယ်လို့ ထောက်ပြခဲ့ပါသေးတယ်။ Huawei က ခိုးယူခဲ့တယ်ဆိုတဲ့ အကျိုးအမြတ်များတဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်သာ တကယ်ရှိနေမယ်ဆိုရင် အခြားကုမ္ပဏီတွေကလည်း Huawei လိုပဲ တိုးတက်သင့်နေတယ်လို့ ဆိုခဲ့ပါသေးတယ်။

Huawei ဟာ ပိတ်ပင်တားဆီးခြင်းမခံရခင်ကတည်းက သူတို့ကုမ္ပဏီအနေနဲ့ ပြိုင်ဘက် Samsung ကိုကျော်တက်ပြီး ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီ ဖြစ်လာမယ်ဆိုတဲ့အကြောင်း ကြုံးဝါးခဲ့ပါသေးတယ်။ အခု ပိတ်ပင်တားဆီးခံခဲ့ရချိန်မှာလည်း Samsung ရဲ့နောက် ဒုတိယနေရာမှာ သက်သောင့်သက်သာ ရပ်တည်နေတုန်းဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ သုံးစွဲသူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ပြီးခဲ့တဲ့ နှစ်သုံးဆယ်အတွင်းရလဒ်တွေကိုကြည့်ပြီး ပြောနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက ဒီစွပ်စွဲချက်တွေအပေါ် ဘယ်လိုထင်မြင်ကြသလဲဆိုတာကို ပြသနေတာပါပဲ” လို့လည်း Suffolk က ထပ်မံပြောဆိုခဲ့ပါသေးတယ်။

Ref: Android Authority