COVID-19 ဒုတိယလှိုင်း (ဒုတိယ အကြိမ် ပြန့်ပွားမှု) ကို တိုက်ဖျက်ရာတွင် အထောက်အကူ တစ်ခုဖြစ်စေရန် ရည်ရွယ်၍ Huawei Myanmar သည် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကြား ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန်နှင့် မြန်မာနိုင်ငံအတွင်း Corona Virus ထပ်မံပြန့်ပွားမှုကို ထိန်းချုပ်ရာတွင် လွယ်ကူမြန်ဆန် လာစေရန်အတွက် ရန်ကုန်တိုင်း Corona Virus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စုစုပေါင်း မြန်မာကျပ်ငွေ ၁၁,၉၀၀,၀၀၀ တန်ဖိုးရှိ Huawei Y5P ဖုန်း အလုံးရေ (၁၀၀) ကို လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့်လများတွင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ဒုတိယလှိုင်းကို စတင်တွေ့ကြုံခဲ့ရပြီး တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များ၏ ဒေသအစိုးရများသည်လည်း COVID-19 ပြန့်ပွားမှုကို တိုက်ဖျက်ရန် stay-at-home လုပ်ငန်းစဉ်ချမှတ်ထားသည့် မြို့နယ်များတွင် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိသည်။

COVID-19 ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီဒုဥက္ကဌ ဒေါက်တာဇော်ဝေစိုးက “Huawei ရဲ့လက်ကိုင်ဖုန်းလှူဒါန်းမှုဟာ ကျွန်ုပ်တို့အတွက်တော့ COVID-19 ကိုထိန်းချုပ်ရာတဲ့နေရာ အဓိကအချက်တွေဖြစ်ကြတဲ့ ဆက်သွယ်ရေးအပိုင်းနဲ့ အချက်အလက်မှတ်တမ်းတင်တဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီး တော်တော်အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အခုဆိုရင် ရောဂါကူးစက်ခံစားနေတဲ့လူနာတွေ၊ စစ်ဆေးပြီး ရောဂါမတွေ့တဲ့လူနာတွေနဲ့ ပျောက်ကင်း သက်သာသွားတဲ့လူနာတွေအကြား အခြေအနေကို အချင်းချင်းသိစေရုံသာမက ရုံးချုပ်၊ ကွာရန်တင်း စင်တာတွေနဲ့ ဆေးရုံတွေအကြားမှာပါ သတင်းအချက်အလက်မျှဝေတာကို မိုဘိုင်းဖုန်းကနေတစ်ဆင့် ပိုမိုလုပ်ဆောင်လာနိုင်ကြမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ding Zhaoyi က ” မြန်မာနိုင်ငံအတွက် COVID-19 ပြန့်ပွားမှုကို တိုက်ဖျက်တဲ့နေရာမှာ ဆက်သွယ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ ဒီလှူဒါန်းမှုဟာ ရောဂါပြန့်ပွားနေတဲ့ နေရာဒေသတွေကနေစပြီး ဆေးရုံတွေနဲ့ ကွာရန်တင်း စင်တာတွေအထိ ကွာရန်တင်း လုပ်ငန်းစဉ်အစ၊ အဆုံးကို လွယ်ကူချောမွေ့စေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလိုမျိုးမြန်မာနိုင်ငံအစိုးရကို ကူညီနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ပြည်သူတွေ ကောင်းကျိုးဖြစ်စေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရ ပါတယ်။” ဟု ဆိုသည်။

ဩဂုတ်လမှ ပြန်လည်စတင်လာသော COVID-19 ဒုတိယအကြိမ်ပြန့်ပွားမှုသည် မြန်မာနိုင်ငံပေါ်သို့ သက်ရောက်မှုများစွာရှိခဲ့ပြီး ရောဂါကူးစက်နှုန်းမှာလည်း နေ့စဉ်နှင့်အမျှ တဖြည်းဖြည်းတိုးလာခဲ့သည်။ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် COVID-19 တိုက်ဖျက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ (NGO များ) နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် Huawei က စီစဉ်လုပ်ဆောင်လျှက်ရှိသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ Huawei သည် မြန်မာနိုင်ငံသားများနှင့် ရေရှည်လက်တွဲသွားမည့် မိတ်ဆွေအဖြစ် ရှိနေခဲ့ပြီး ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရသည့် အချိန်တွင်လည်း Huawei က အလေးထားရသည့် မြန်မာနိုင်ငံသားများကိုဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။ ယင်းက နောင်တွင် ကြုံတွေ့လာရနိုင်သည့် အတားအဆီးများအတွက် ကြိုတင်ပြင်ဆင်ရာတွင် ပိုမိုကောင်းမွန်စေနိုင်မည့် မြန်မာနိုင်ငံတွင်း ICT ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို ပြသလျက်ရှိသည်။ Huawei နှင့် ၎င်း၏ဝန်ထမ်းများသည် လိုအပ်သည့် အချိန်တိုင်းတွင် အဆင်သင့်ဖြစ်နေစေမည့် ICT ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရှေ့ဆောင် လုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့်အတူ တစ်သားတည်း ရပ်တည် သွားကြမည် ဖြစ်သည်။

ပြီးခဲ့သည် ဇူလိုင်လတွင် Huawei Myanmar သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပြီး ပိုမို ကောင်းမွန်မြန်ဆန်သည့် ဆက်သွယ်မှုများ၊ ဆန်းသစ်သည့် နည်းပညာများ၊ အရေးပေါ် လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် တို့အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကျပ်သိန်း ၇၂၀ ကျော် တန်ဖိုးရှိAI ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နှင့် စမတ်ဖုန်းများကို လှူဒါန်းခဲ့သည်။ လွန်ခဲ့သည့် လအနည်းအတွင်းတွင်လည်း Huawei Myanmar သည် ဒေသတွင်း COVID-19 ကပ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် စုစုပေါင်း ကျပ်သိန်း ၁၆၀ ကျော် တန်ဖိုးရှိ N95 Mask များ၊ လက်သန့်ဆေးရည် နှင့် အလွှာသုံးလွှာ Mask တို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ လှူဒါန်းခဲ့သည်။

Source – HUAWEI