အမေရိကန်အစိုးရဟာ Huawei ကို ကန့်သတ်မှုတွေ၊ ပိတ်ဆို့မှုတွေပြုလုပ်ထားပြီး အမေရိကန်ကုမ္ပဏီတွေနဲ့၊ ဒါမှမဟုတ် အမေရိကန်နည်းပညာကိုအသုံးပြုတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုကိုလည်း တားမြစ်ထားပါတယ်။

ဒီလို စီးပွားရေးပိတ်ဆို့မှုလုပ်ခြင်းက Huawei အတွက် အကြီးအကျယ်ထိခိုက်ရသလို၊ အမေရိကန်ကုမ္ပဏီတွေအနေနဲ့လည်း အလားအလာရှိတဲ့ ဆုံးရှုံးမှုတွေအတွက် စိုးရိမ်ပူပန်ရစေပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ နောက်ထပ် ကမ္ဘာ့ စူပါပါဝါပေါ်ထွန်းလာစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ယုံကြည်ရပါတယ်။

SCMP ရဲ့ အစီရင်ခံစာအရ Huawei တည်ထောင်သူ Ren Zhengfei ဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုတွေကို ရင်ဆိုင်ရပြီး၊ ကုမ္ပဏီကို Entity List သွင်းခံခဲ့ရတဲ့နောက်၊ ရင်းနှီးမြှုပ်နှံမှုတွေကို ရုရှားမှာတိုးမြှင့်ခဲ့တယ်လို့ ပြောခဲ့ကြောင်း ဖော်ပြလာပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာတာနဲ့အတူ ရုရှားသိပ္ပံပညာရှင်အဖွဲ့ကိုလည်း တိုးချဲ့ခဲ့ပြီး လစာတွေလည်း တိုးမြှင့်လာတယ်လို့ သိရပါတယ်။

Huawei ဟာ မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ Samsung ကို နန်းချပြီး ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် မကြာခင်ကကြုံတွေ့ခဲ့ရတဲ့ ဆုတ်ယုတ်မှုတွေကြောင့် ဆက်လက်ဦးဆောင်ဖို့ မလွယ်ကူတဲ့အခြေအနေ ဖြစ်ရပါတယ်။ ကန့်သတ်ချက်အသစ်တွေကြောင့် ကိုယ်ပိုင် Kirin chipset ထုတ်လုပ်ဖို့နဲ့ Qualcomm လိုမျိုးကုမ္ပဏီတွေကနေ Chip တွေကို ရယူဖို့က မလွယ်ကူတော့ပါဘူး။

တစ်ဖက်မှာတော့ Qualcomm အပါအဝင် အမေရိကန်အခြေစိုက် Chip ကုမ္ပဏီတွေဟာ Huawei နဲ့ ပြန်လည်လုပ်ကိုင်နိုင်တဲ့ခွင့်ပြုချက်ရဖို့ ကြိုးစားနေကြသလို၊ ထိုင်ဝမ် Chip ဒီဇိုင်နာ MediaTek ကလည်း Huawei နဲ့ ဆက်ပြီးအလုပ်လုပ်ဖို့ လိုင်စင်လျှောက်ထားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ Cloud computing business မှာ U.S chips တွေအတွက်ရင်းမြစ်တွေရှိနေသေးတာကြောင့် အဲဒီဘက်ကို အာရုံစိုက်လာတာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ Cloud computing ဟာ ကုမ္ပဏီတွေကို ဉာဏ်ရည်တုနဲ့အတူ Computing power နဲ့ Storage solution တွေရောင်းချတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို စမတ်ဖုန်းတွေ၊ တယ်လီကွန်းဆက်သွယ်ရေးကိရိယာတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်လည်း ကြိုးပမ်းထားတာကို တွေ့နိုင်ပါတယ်။ တရုတ်အစိုးရကလည်း အများပြည်သူဆိုင်ရာ Cloud contract တွေနဲ့အတူ Huawei ကို အထောက်အပံ့ပေးလိမ့်မယ်လို့လည်း သိရပါတယ်။

Ref: Gizmochina