၂၀၂၀ခုနှစ်ဟာ စမတ်ဖုန်းစျေးကွက်အတွင်းမှာ 5G Network ကို ဆက်တိုက်ကူးပြောင်းလာကြတဲ့ နှစ် ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Flagship တွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ 5G Support ရရှိဖို့အတွက် အပြိုင်အဆိုင်ပြုလုပ်လာကြတာပါ။

အခုလည်း Huawei Cloud Internet 5G Innovation Summit မှာ CNMO ကနေ Report တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Report အရ Huawei ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ တရုတ်နိုင်ငံတွင်း 5G စမတ်ဖုန်းရောင်းအားရဲ့ ၆၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဒါက ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ တခြားသော တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေကို နောက်ကောက်ချထားနိုင်တဲ့ ပမာဏလို့တောင်ပြောရမှာပါ။

Huawei ဟာ တရုတ်နိုင်ငံတွင်းမှာတင် 5G စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ ဦးဆောင်နိုင်တာမဟုတ်ဘဲ International Global စျေးကွက်မှာလည်း 5G စမတ်ဖုန်းရောင်းချရမှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းအထိကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Huawei ကိုယ်တိုင်ကလည်း ယခုနှစ် ပထမ ၃ လပတ်အတွင်းမှာ 5G စမတ်ဖုန်းအလုံးရေ ၁၅ သန်းအထိတင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအတွက် Huawei ဟာ 5G အပိုင်းမှာတော့ Samsung လိုမျိုး ကုမ္ပဏီတွေကိုတောင် ကျော်တက်သွားပြီဖြစ်ပါတယ်။

5G Network ဟာ လက်ရှိ 4G LTE နဲ့ယှဥ်မယ်ဆိုရင် သိသိသာသာကို မြန်ဆန်လာတာဖြစ်ပြီး နိုင်ငံအတော်များများကလည်း 5G Network ရရှိအောင်ဆောင်ရွက်နေကြတဲ့အတွက် 5G စမတ်ဖုန်းစျေးကွက်ဟာ ပိုပြီးတိုးတက်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China