Huawei ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ဈေးကွက်အချို့ကိုလက်လွှတ်ခဲ့ရပေမယ့် ဈေးကွက်အချို့မှာလည်း အခြေအနေကောင်းတွေနဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ဒီအတွက် တရုတ်အခြေစိုက်ကုမ္ပဏီအနေနဲ့ ခံစားမှုတွေ ရောယှက်နေနိုင်ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီကြီး အခြေအနေကောင်းနေတဲ့ဈေးကွက်က ရုရှားဈေးကွက်ပါ။ ပြီးခဲ့တဲ့ တတိယသုံးလပတ် အွန်လိုင်းစမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ Huawei က ထိပ်ဆုံးနေရာကို ရယူထားတာပါ။ ရုရှားစမတ်ဖုန်းဈေးကွက်ရလဒ်ကို Counterpoint Research က ထုတ်ပြန်ကြေညာတဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။

ကုန်သွယ်ရေးစစ်ရဲ့ မြေစာပင်ဟာ အရာရာမှာ အဆိုးတွေနဲ့ပဲကြုံတွေ့ရတယ်လို့ထင်ရပေမယ့် အွန်လိုင်း စမတ်ဖုန်းတင်ပို့ရောင်းချမှုဈေးကွက်မှာတော့ ဝေစုကို ၂၇.၈% နဲ့ ဦးဆောင်နေတုန်းပါပဲ။ ၂၀၁၉ နဲ့ယှဉ်ရင် YoY တိုးတက်မှုနှုန်းက ၂.၂% ဖြစ်ပေမယ့် QoQ ကတော့ ၇.၂% ကျဆင်းသွားပါတယ်။ အရင်က အမှတ်တံဆိပ်ခွဲဖြစ်ခဲ့ဖူးတဲ့ Honor ရဲ့ Honor 30 စီးရီးက 5G မော်ဒယ်တွေရဲ့ အွန်လိုင်းဈေးကွက်အများစုကို ရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် စမတ်ဖုန်းရောင်းအားဟာ ရုရှားမှာ YoY ၅% တိုးတက်လာတာဖြစ်ပြီး၊ ၂၀၂၀ ရဲ့ တတိယသုံးလပတ် တစ်ခုတည်းဆိုရင်တော့ ၃၄% အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ QoQ ကတော့ ဒုတိယသုံးလပတ်ထက် ၂% တိုးတက်ပါတယ်။ ကပ်ရောဂါကြောင့် မြေပြင်အခြေအနေမှာရောင်းဝယ်ဖောက်ကားမှုတွေ စည်းကမ်းတင်းကြပ်ပြီးတဲ့နောက်၊ ငွေပြန်အမ်းတာ၊ လက်ဆောင်ပေးတာတွေနဲ့အတူ အွန်လိုင်းအရောင်းအဝယ်က ရောင်းအားတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Honor ဟာ အရောင်းမြှင့်တင်ရေးအတွက် Cash coupon တွေကို အသုံးပြုခဲ့ပါတယ်။ ဒီနည်းဟာ Xiaomi က Samsung ကို ယှဉ်ရောင်းတဲ့အချိန်မှာ အသုံးပြုခဲ့သလိုပါပဲ။ Samsung ကတော့ သမားရိုးကျ Offline ရောင်းဝယ်မှုကိုပဲ ပိုပြီးအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစီရင်ခံစာအရသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အွန်လိုင်းပလက်ဖောင်းတွေအတွက် ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး Consumer Electronic chain M.Video-Eldorado က ဈေးကွက်ဝေစု ၃၂.၅% နဲ့ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina