Huawei ဟာ လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 40 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Huawei Mate 40 Series စမတ်ဖုန်းတွေဟာ Huawei အတွက် နောက်ဆုံးအနေနဲ့ ကိုယ်ပိုင် HiSilicon Kirin Chipset ကို အသုံးပြုလာမယ့်ဖုန်းတွေတောင် ဖြစ်လာနိုင်ပါတယ်။

Huawei Mate 40 Series ဖုန်းတွေအနေနဲ့ 5nm Architecture ကို အခြေခံထားတဲ့ Kirin 9000 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ကထက် သိသိသာသာပိုကောင်းမွန်လာမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Kirin 9000 Chipset ရဲ့ Benchmark တွေက Antutu Benchmarking Platform မှာ ပေါက်ကြားလာခဲ့ပါပြီ။

ယခု Antutu Benchmark မှာ Huawei Mate 40 Pro စမတ်ဖုန်းဟာ ရမှတ် ၆၉၃,၆၀၅ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါက လက်ရှိ Qualcomm Snapdragon 865 Chipset တွေထက် ပိုကောင်းတယ်ဆိုပေမယ့် မကြာသေးခင်တုန်းက မိတ်ဆက်ထားတဲ့ Samsung ရဲ့ 5nm Exynos 1080 Chipset ရဲ့ ရမှတ်ဖြစ်တဲ့ ၆၉၃,၆၀၀ မှတ်နဲ့ မကွာပါဘူး။ ထူးခြားတဲ့အချက်က Exynos 1080 Chipset ဟာ Samsung ရဲ့ Flagship 5nm Chipset မဟုတ်သေးဘဲ Vivo X60 လိုမျိုး High End ဖုန်းတွေအတွက်ပဲ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Huawei Mate 40 Pro ဟာ Android 10 OS ကိုပဲ အခြေခံထားသလို 8GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့လည်း 90Hz Refresh Rate ကို Support ပြုလုပ်နိုင်မှာပါ။

Antutu Benchmark အပြင် Geekbench Benchmarking Website မှာလည်း Huawei Mate 40 Pro ဟာ Single-core ရမှတ် ၁,၀၂၀ မှတ်နဲ့ Multi-core ရမှတ် ၃,၇၁၀ ခန့်ရရှိထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ Snapdragon 865 Flagship ဖုန်းတွေထက်တော့ စွမ်းဆောင်ရည်အနည်းငယ်ပိုသာမှာဖြစ်ပါတယ်။

Ref – Gizmo China