ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းတုန်းက Huawei Mate 40 နဲ့ပတ်သက်ပြီး သတင်းတစ်ပုဒ်ထွက်လာခဲ့ပါသေးတယ်။ ကောလာဟလဆိုပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းပါ။ အဲဒါက Mate 40 ဟာ ဖောက်ထွင်းမြင်နိုင်တဲ့ဒီဇိုင်းနဲ့ ထွက်လာဖွယ်ရှိတယ်ဆိုပြီး Concept ရုပ်ပုံတစ်ခု ထွက်ခဲ့တာပါ။

အခုလည်း Mate 40 နဲ့ပတ်သက်ပြီးသတင်းတစ်ခု ထပ်ထွက်လာပါတယ်။ အဲဒါက Mate 40 ဟာ 5nm Kirin 1020 SoC နဲ့ ထွက်လာမယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ လာမယ့်မျိုးဆက်သစ် Kirin 1020 ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ တွေ့မြင်ရဖို့ မျှော်လင့်နိုင်တယ်လို့လည်း သိရပါတယ်။

Kirin 1020 ဟာ ထိုင်ဝမ် ကုမ္ပဏီဖြစ်တဲ့ TSMC ရဲ့ 5nm wafer ပေါ်မှာ တည်ဆောက်မယ်လို့ မျှော်လင့်ရပါတယ်။ TSMC ကလည်း ၂၀၂၀ ပထမနှစ်ဝက်မှာ 5nm Chip တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်မယ်လို့ သတင်းထွက်ထားတာပါ။ ဒီ 5nm Chip တွေဟာ iPhone 12 နဲ့ Mate 40 စီးရီးအတွက်လို့လည်း ဆိုနေကြပါတယ်။

TSMC ရဲ့ 5nm လုပ်ငန်းစဉ်အရ N5 နဲ့ N5P ဆိုပြီး အမျိုးအစားနှစ်မျိုး ထွက်လာမှာပါ။ 7nm နဲ့ နှိုင်းယှဉ်မယ်ဆိုရင် N5 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ၁၅% မြင့်တက်လာပြီး စွမ်းအင်သုံးစွဲမှုမှာ ၃၀% လျော့ကျသွားမှာပါ။ Crystal density ကတော့ ၈၀% တိုးလာပါလိမ့်မယ်။

N5P ကတော့ N5 ထက် ၇% ပိုပြီးအစွမ်းထက်မယ်လို့ သိရပါတယ်။ စွမ်းအင်သုံးစွဲမှု နောက်ထပ် ၁၅% ထပ်ကျသွားမယ်လို့ ဆိုပါတယ်။ 5nm N5 အမျိုးအစားကိုတော့ ဒီနှစ်ထဲမှာ အမြောက်အများထုတ်လုပ်မှာဖြစ်ပြီး N5P အမျိုးအစားကိုတော့ လာမယ့် ၂၀၂၁ မှာမှ အမြောက်အများထုတ်လုပ်မယ်လို့ သိရပါတယ်။

Ref: Gizmochina