Huawei ကနေ တရုတ်နိုင်ငံမှာ မကြာသေးခင်တုန်းက Huawei P40 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲနဲ့အတူ Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ တရုတ်မီဒီယာတွေနဲ့ပါ Interview တစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါ Interview မှာ CEO Richard Yu ကနေ Huawei ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ရောင်းချရတဲ့ ဝင်ငွေနဲ့ စမတ်ဖုန်းအရေအတွက်ကိုပါ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ပြောကြားချက်အရ Huawei ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဝင်ငွေ ယွမ်ငွေ ၄၆၇.၃၀၄ ဘီလီယံ (ဒေါ်လာ ၆၅ ဘီလံယံဝန်းကျင်) ရရှိခဲ့ပြီးတော့ မနှစ်ကထက် ၃၄ ရာခိုင်နှုန်းပိုပြီးများပြားလာတယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ စမတ်ဖုန်းတင်ပို့ရောင်းချရမှုမှာလည်း Huawei နဲ့ Honor ဖုန်းတွေအကုန်လုံးစုစုပေါင်းအလုံးရေ သန်း ၂၄၀ ခန့်ရောင်းချနိုင်ပြီးတော့ မနှစ်ကထက် ၁၆ ရာခိုင်နှုန်းပိုပြီး များပြားလာတာဖြစ်ပါတယ်။ 5G ဖုန်းတွေအနေနဲ့လည်း စုစုပေါင်း ၆.၉ သန်းခန့်ရောင်းချထားပြီးဖြစ်ပါတယ်။

CEO Richard Yu ကတော့ တကယ်လို့သာ US နဲ့ China ရဲ့ Trade War သာမရှိခဲ့ဘူးဆိုရင် အခုအချိန်မှာ Huawei အနေနဲ့ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ်နေပြီလို့ပါ ပြောကြားခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးလဲ Huawei P40 Pro ရဲ့ Camera အစိတ်အပိုင်းတွေအတွက်တင် ဒေါ်လာ ၁၀၀ ကျော်ကျသင့်ပြီးတော့ Apple လိုမျိုးပြိုင်ဘက်ကုမ္ပဏီတွေထက် Camera နည်းပညာမှာ အများကြီးသာလွန်နေပြီလို့တောင် ကြွားလုံးထုတ်ခဲ့ပါတယ်။

Ref – Gizmo China