Huawei ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Kirin 9000 Chipset ကို အသုံးပြုထားတဲ့ Mate 40 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Kirin 9000 Chipset ဟာ Android စမတ်ဖုန်းတွေထဲမှာ ပထမဆုံးသော 5nm Architecture ကို အခြေခံထားတဲ့ Flagship Chipset လည်းဖြစ်ပါတယ်။

အခုအချိန်မှာလည်း Huawei ကနေ နောက်ထပ် Kirin 9010 နာမည်နဲ့ Flagship Chipset အသစ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Leaker တစ်ဦးဖြစ်တဲ့ @RODENT950 ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ Kirin 9010 Chipset အသုံးပြုထားတဲ့ စမတ်ဖုန်းကို မြင်တွေ့ရမလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ထူးခြားချက်အနေနဲ့ကတော့ Kirin 9010 Chipset ဟာ 3nm Architecture ကို အခြေခံလာမှာပဲဖြစ်ပါတယ်။ ဒါက အခုအချိန်မှာ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ 5nm Architecture ကို အခြေခံထားတဲ့ Chipset တွေကိုတောင် မိတ်ဆက်နေရဆဲဖြစ်နေတဲ့အတွက် Huawei အနေနဲ့ Chipset ထုတ်လုပ်တဲ့နေရာမှာ ခြေတစ်လှမ်းဦးနေပြီလို့တောင် ပြောနိုင်ပါတယ်။ လောလောဆယ်မှာ Samsung ကနေ Exynos 2100 Flagship Chipset ကို မိတ်ဆက်ရခြင်းမရှိသေးတဲ့အတွက် လက်ရှိ Huawei ကလွဲပြီး 5nm Architecture Chipset အနေနဲ့ Samsung Exynos 1080 ၊ Qualcomm Snapdragon 888 နဲ့ Apple A14 Bionic Chip တွေပဲ ရှိနေသေးတာဖြစ်ပါတယ်။

Huawei အနေနဲ့ 3nm Architecture နဲ့ Kirin 9010 Chipset ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို မသိရသေးပေမယ့် Samsung နဲ့ Apple ကတော့ လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်းမှပဲ မိတ်ဆက်လာနိုင်မယ်လို့ ယူဆရပါတယ်။ အခုနှစ်မှာ အောင်မြင်မှုရရှိလာတဲ့ MediaTek ဆိုရင် အခုအချိန်အထိ 6nm Architecture နဲ့ Flagship Chipset ကို မိတ်ဆက်နိုင်ဖို့ စီစဥ်နေဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ရဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Mate 50 Series ဖုန်းတွေမှာ 3nm Architecture နဲ့ Kirin 9010 Chipset ကို အသုံးပြုလာနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref – Gizmo China