ဆွစ်ဇာလန်ရဲ့နာမည်ကြီး Luxury နာရီထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Hublot ဟာ Big Bang စီးရီးထဲမှာ Big Bang e လို့အမည်ပေးထားတဲ့ Android Smartwatch နှစ်လုံးကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်နာရီတွေဟာ သူ့စီးရီးထဲက တစ်ခုတည်းသော Android နာရီများဖြစ်သလို Hublot က ထုတ်လုပ်သမျှထဲမှာ ဈေးအချိုဆုံးထုတ်ကုန်ဆိုလည်း မမှားပါဘူး။

ရှေးပုံစံမပျက် ဒီဇိုင်းနဲ့ စမတ်နာရီနှစ်ခုကို Big Bang e Titanium နဲ့ Big Bang e Black Ceramic လို့ အမည်ပေးထားပြီး အခြား Big Bang တံဆိပ်နာရီတွေလို 42mm Dial ခွက်နဲ့ဖြစ်ပါတယ်။ Hublot က ဆန်းဒွစ်ဒီဇိုင်းလို့ ခေါ်တဲ့ Material အလွှာနှစ်ခုကြားထဲမှာ နာရီကိုထည့်ထားတဲ့ စတိုင်နဲ့ တည်ဆောက်ထားပါတယ်။ Display ပေါ်မှာ ကုတ်ခြစ်ရာဒဏ် ခံနိုင်တဲ့ Sapphire Crystal Glass ကာဗာရှိပြီး နာရီကြိုးတွေကလည်း ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ပြုတ်သွားတဲ့ One Click စနစ်ဖြစ်ပါတယ်။

Smartwatch အပိုင်းမှာတော့ Big Bang e မှာ 390x390p 1.2” AMOLED Display ပါဝင်ကာ အတွင်းမှာ Qualcomm ရဲ့ Snapdragon Wear 3100 Quad-core CPU နဲ့ 1GB RAM/ 8GB Storage ပါဝင်ပါတယ်။ ပုံမှန် Sensor တွေ ပါဝင်ပေမယ့် GPS တော့ မတွေ့မိပါဘူး။ Bluetooth 4.2 LE, 2.4GHz Wi-Fi 802.11n နဲ့ NFC ထောက်ပံ့မှုတွေ ပါဝင်ပြီး 300 mAh ဘက္ထရီက တစ်နေ့တာအသုံးခံမယ်လို့ ဆိုပါတယ်။

Big Bang e Smartwatch တွေဟာ Marc Ferrero ဒီဇိုင်းထုတ်ထားတဲ့ ၂၄ နာရီ Dynamic Watch Face စနစ်နဲ့ လာတာကြောင့် နာရီရဲ့ မျက်နှာသွင်ပြင်က သုံးနာရီကိုတစ်ခါ ဒီဇိုင်းအသစ်ပြောင်းနေတာကိုလည်း မြင်ရမှာပါ။

စမတ်နာရီဘက်ကကြည့်ရင် သိပ်မထူးခြားပေမယ့် Hublot ရဲ့အမှတ်တံဆိပ်က မက်မောလောက်စရာဖြစ်သလို Titanium ဗားရှင်းအတွက် ဒေါ်လာ ၅၂၀၀ (မြန်မာငွေ ၇၂ သိန်းကျော်) နဲ့ Black Ceramic မော်ဒယ်အတွက် ဒေါ်လာ ၅၈၀၀ (မြန်မာကျပ်ငွေ ၈၁ သိန်းကျော်) ဆိုတာ လက်ရှိ Hublot ထုတ်ကုန်တွေထဲမှာ ဈေးအချိုဆုံးအဆင့်ပါပဲ။

Ref – GSMArena