နိုင်ငံတကာ အချက်အလက်ကောက်ယူရေး ကော်ပိုရေးရှင်း (IDC) ရဲ့ အစီရင်ခံစာ အသစ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းစျေးကွက်ဟာ 2020 ဒုတိယ သုံးလပတ် Q2 ကာလမှာ တင်ပို့မှု 50.6% ထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကျဆင်းမှုရဲ့ အကြောင်းရင်းကတော့ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးကို Lockdown ကြေညာခဲ့ခြင်းလည်း အပါအဝင်ပါ။ 2020 ပထမနှစ်ဝက်ရဲ့ ကာလ အတော်များများကို Lockdown နဲ့ ဖြတ်သန်းခဲ့ရတာကြောင့် ထုတ်လုပ်သူတွေရော၊ တင်ပို့မယ့် သူတွေပါ ရပ်တန့်ခဲ့ကြရတာ ဖြစ်ပါတယ်။

ပြန်လည်ဖြေလျော့ခဲ့တဲ့ ဇွန်လမှာတော့ ရောင်းအားပြန်တက်လာပေမယ့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူတာထက် စျေးကွက်ထဲမှာ အသင့်ရှိတာကို ဝယ်ယူမှုက ပိုများခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေ ရောင်းချမှုက စျေးကွက်ရဲ့ 44.8% ထိ ရှိလာပြီး ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင်တော့ ရောင်းအား 39.9% ကျဆင်းနေဆဲ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ရောင်းချခဲ့ရတဲ့ ဖုန်းတွေရဲ့ ပျမ်းမျှတန်ဖိုးက ဒေါ်လာ ၁၆၁ (မြန်မာငွေ ၂ သိန်း ၂ သောင်း) ဝန်းကျင် ဖြစ်တာကြောင့် အိန္ဒိယစျေးကွက်မှာ ဘတ်ဂျက်စမတ်ဖုန်းတွေက မင်းမူနေဆဲ ဆိုတာ သိရပါတယ်။ စမတ်ဖုန်းစျေးကွက်ကို တရုတ်အခြေစိုက် ထုတ်လုပ်သူ Xiaomi က ဦးဆောင်ထားပြီး သူ့နောက်မှာ Samsung နဲ့ Vivo တို့က အစဉ်လိုက် ရပ်တည် နေပါတယ်။

ယခင်က ပြင်ပမှာသာ ရောင်းချတဲ့ ဆိုင်တွေတောင် ဒီကာလအပြီးမှာ ဝယ်ယူသူတွေကို အွန်လိုင်းပေါ်ကနေ ထိတွေ့ ကြော်ငြာနိုင်ဖို့ ကြိုးစားလာပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အသုံးပြုမှုလည်း ပိုများလာခဲ့ပါတယ်။

Ref – GizmoChina