COVID-19 ကပ်ရောဂါဖြစ်ပွားတဲ့အတွက် ရုံးလုပ်ငန်းအချို့ဟာ ရုံးတက်ခြင်းကိုရှောင်ရှားပြီး နေအိမ်ကနေ အလုပ်လုပ်ကိုင်တဲ့ နည်းလမ်းကို အသုံးပြုလာကြပါတယ်။ ဒီအတွက် နည်းပညာကုမ္ပဏီတွေကလည်း အင်တာနက်အသုံးပြု ဆက်သွယ်ခြင်းကို ထောက်ပံ့တဲ့ အက်ပလီကေးရှင်းတွေ၊ ဝန်ဆောင်မှုတွေ လုပ်လာကြရပါတော့တယ်။ ဒီအထဲမှာ Facebook လည်း အပါအဝင် ဖြစ်ပါတယ်။

Facebook ဟာ Messenger Rooms ဗီဒီယိုခေါ်ဆိုမှု အက်ပလီကေးရှင်းကို ကမ္ဘာတစ်ဝန်းဖြန့်ချိလိုက်ပြီးတဲ့နောက် Instagram မှာလည်း Messenger Rooms ကို လူ ၅၀ အထိ ထောက်ပံ့ပေးလိုက်ပြီဖြစ်ကြောင်း တွစ်တာမှာ ကြေညာခဲ့ပါတယ်။ Instagram အသုံးပြုသူတွေအနေနဲ့ ဗီဒီယိုချက်တင်ပြောဆိုဖို့အတွက် Message ကိုဖွင့်၊ Video Chat icon ကို နှိပ်ပြီး “Create a Rooom” ကို ရွေးချယ်လိုက်ရုံနဲ့ ဒီဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

Room ကို ဖန်တီးပြီးတဲ့နောက် မိမိဖိတ်ချင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းကို Rooms ရဲ့ Link ကို ကူးယူပြီး ဖိတ်ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ Set-up တစ်ခုလုံးဟာ Instagram app မှာ ဖြစ်နေပေမယ့်လည်း ဗီဒီယိုချက်ကတော့ Facebook ရဲ့ Messenger app ဆီ ပြန်သွားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Instagram က မိတ်ဆွေတွေနဲ့ အဆင်ပြေပြေ ဗီဒီယိုခေါ်ဆိုစကားပြောဆိုမှုတော့ ပြုလုပ်နိုင်မှာပါပဲ။

ဒါ့အပြင် Instagram ဟာ ဒီတစ်ပတ်အစောပိုင်းမှာ အသုံးပြုသူတွေရဲ့ ကိုယ်စိတ်နှစ်ပါးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဆောင်းပါးတွေကို မျှဝေနိုင်၊ လွှင့်တင်ပေးနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ “Guides” ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အသုံးပြုသူတွေအတွက် အပြန်အလှန်ဆက်သွယ်ရလွယ်ကူစေမယ့် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Ref: Phone Arena