Apple ဟာ သုံးစွဲသူတွေအတွက် iOS 13.4 နဲ့ iPadOS 13.4 ဗားရှင်းသစ်တွေကို လာမယ့်မတ်လ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပေးသွားတော့မှာဖြစ်ပြီး iPad တွေအတွက် Trackpad Support လည်း ဒီ Update ထဲမှာ ပါဝင်လာမှာပါ။

အခုချိန်ထိ iPad တွေဟာ ပြင်ပက Trackpad နဲ့ Mouse တွေကို Accessibility Feature ကနေတဆင့် တွဲဖက် အသုံးပြုနေနိုင်ပေမယ့် အခုလာမယ့် iPadOS 13.4 မှာတော့ System တစ်ခုလုံးက ဒါတွေကို Full-on Support ရရှိစေတော့မှာဖြစ်ပါတယ်။

iPad တွေအားလုံး Apple ရဲ့ Magic Trackpad နဲ့ Magic Mouse တို့ကို အသုံးပြုနိုင်စေမယ်လို့ Apple က ကြေညာခဲ့သလို ၂၀၁၉ မော်ဒယ် iPad Pro 11” နဲ့ Pro 12.9” တို့ကတော့ Magic Keyboard အသစ်ကိုပါ ချိတ်ဆက်နိုင်မယ်လို့ iPadOS 13.4 နဲ့အတူ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါ Magic Keyboard ဟာ လာမယ့်မေလမှာ ဈေးကွက်ထဲ စရောက်လာမှာဖြစ်ပြီး iPad Pro 11” မော်ဒယ်အတွက် ဒေါ်လာ ၂၉၉ (မြန်မာငွေ လေးသိန်းနှစ်သောင်းကျော်) နဲ့ iPad Pro 12.9” အတွက် ဒေါ်လာ ၃၄၉ (မြန်မာကျပ်ငွေငါးသိန်းနီးပါး) ကျသင့်မှာဖြစ်ပါတယ်။

iPad ပေါ်မှာ External Mouse သို့မဟုတ် Trackpad တစ်ခုကို ချိတ်ဆက်အသုံးပြုရမယ်ဆိုရင်တော့ သူ့ရဲ့ လုပ်ဆောင်ပုံဟာ Mac OS ကွန်ပြူတာပေါ်က Mouse Pointer နဲ့ Apple TV ရဲ့ Focus Engine တို့ ပေါင်းစပ်ထားသလို ဖြစ်နေမယ်လို့လည်း ဆိုပါတယ်။

Ref – GSM Arena