ဇန်နဝါရီလ တတိယပတ် တုန်းက Apple iPad mini 6 မှာ မျက်နှာပြင်အောက် Touch ID နဲ့ Punch Hole ကင်မရာတွေ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း iPad mini 6 ရဲ့ Render ပုံအဖြစ် ရုပ်ပုံအချို့ပါ မြင်တွေ့ခဲ့ကြရတာပါ။

အခု ပေါ်ထွက်လာတဲ့ iPad mini 6 ရဲ့ ပုံစံကတော့ iPad Air 4 အသေးလေးလို့ ပြောရလောက်တဲ့ ပုံစံဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Chipset အသစ်နဲ့ Apple Pencil ကို ထောက်ပံ့ပေးခဲ့တာကလွဲရင် iPad mini တွေဟာ လွန်ခဲ့တဲ့ ၂၀၁၅ ဝန်းကျင်ကတည်းက လျစ်လျှူရှုခံထားရတယ်လို့ ဆိုနိုင်ပါတယ်။

အခု ထွက်ပေါ်လာတဲ့ iPad mini 6 ရဲ့ရုပ်ပုံတွေဟာ CAD ဖိုင်တွေအပြင် လာမယ့် Apple tablet ရဲ့ Hands-on ရုပ်ပုံတွေကို ပေါင်းစပ်အခြေခံပြီး ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒီရုပ်ပုံတွေကို သယ်ဆောင်လာသူက ပြီးခဲ့တဲ့ Apple Air Tags နဲ့ iMac colors တွေအကြောင်း ဖော်ပြခဲ့တဲ့ Tipster Jon Prosser ပဲ ဖြစ်ပါတယ်။

iPad Air လိုဒီဇိုင်းမျိုးနဲ့ ဒီရုပ်ပုံဟာ အလူမီနီယံနဲ့ တည်ဆောက်ထားတဲ့ကိုယ်ထည်၊ နောက်ကျောဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာတစ်လုံး တပ်ဆင်ထားတာကို ဖော်ပြနေပါတယ်။ မျက်နှာစာဘက်ကတော့ လေးဘက်စလုံးကို အရွယ်အစားတူညီတဲ့ Bezels နဲ့ ပြုလုပ်ပေးထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် iPad mini 6 ဟာ ကျဉ်းမြောင်းတဲ့ Bezels အရသာကို ခံစားရစေပြီး၊ သမားရိုးကျ Touch ID Home button မပါဝင်တော့တာကိုလည်း ဖော်ပြနေပါတယ်။

ဒီဇိုင်းပိုင်းဆိုင်ရာ အပြောင်းအလဲတွေကိုမြင်တွေ့ရပေမဲ့ Apple ကတော့ Touch ID ကို iPad Pro မှာလို Face ID နဲ့အစားထိုးတာမျိုး ပြုလုပ်ဖွယ်မရှိပါဘူး။ အဲဒီအစား Touch ID sensor ကို ပါဝါခလုတ်မှာ ထည့်သွင်းထားတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ ဒီလိုတပ်ဆင်မှုက iPad Air (2020) မှာ ပြုလုပ်ခဲ့ဖူးပါတယ်။

အခြားအပြောင်းအလဲတွေအဖြစ် Lighting ကနေ USB-C ကို ပြောင်းလဲလာပါတယ်။ ဒါ့အပြင် စပီကာပိုင်းမှာလည်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ လက်ရှိထွက်ပေါ်ထားတဲ့ ရုပ်ပုံအရဆိုရင်တော့ iPad mini 6 ဟာ 206.3mm x 137.8mm x 6.1mm အရွယ်အစားဖြစ်ပါတယ်။ ဒါကြောင့် 203.2 x 134.8 x 6.1 mm အရွယ်အစားရှိတဲ့ iPad mini 5 ထက် နည်းနည်းပဲ ပိုကြီးတယ်လို့ ဆိုရမှာပါ။

Apple အနေနဲ့ iPad mini 6 အတွက် Apple Pencil stylus အသေးလေးကို ထောက်ပံ့မယ်လို့ ဆိုပါတယ်။ ဆီလီကွန်တောင်ကြားအခြေစိုက်ကုမ္ပဏီကြီးဟာ Apple Pencil 2 ထက် သေးငယ်တဲ့ဒီဇိုင်းကို လုပ်ဆောင်နေတယ်လို့ သတင်းထွက်နေတာပါ။

Ref: Phone Arena