တရုတ်မှာ ကိုရိုနာဗိုင်းရက်စ်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားထားရပြီး အဲဒီထဲမှာ နည်းပညာ ကုမ္ပဏီ အများစုလည်း ပါပါတယ်။ ကုမ္ပဏီတချို့က ဒီနှစ် MWC ပွဲမှာ မပါဝင်တော့ဘူးလို့ ကြေညာထားပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရ Apple iPhone တွေကို ထုတ်လုပ်ပေးနေတဲ့ Foxconn က ဗိုင်းရက်စ်ကြောင့် လာမယ့် ၁၀ ရက်နေ့မှာ ပြီးမယ်လို့ ထင်ရတဲ့ တရုတ်နှစ်သစ်ကူး ပွဲတော် အပြီးမှာ ရှန်ဇန်ကို ပြန်မလာဖို့ ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

Apple ရဲ့ ကုန်ပစ္စည်းတွေကို ရှန်ဇန် ပြင်ပမှာ အဓိက ထုတ်လုပ်နေပေမယ့် ဒေသခံမဟုတ်တဲ့ ဝန်ထမ်း ထောင်ပေါင်းများစွာဟာ ရှန်ဇန်က Foxconn ရဲ့ ရုံးချုပ်မှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ရှန်ဇန် အခြေစိုက် Foxconn ဝန်ထမ်းတွေကိုပဲ ဒီလို ညွှန်ကြားတာလား၊ တခြား ဒေသက ဝန်ထမ်းတွေပါ အကျုံးဝင်သလား ဆိုတာ မသိရသေးပါဘူး။

ကိုရိုနာ ဗိုင်းရက်စ်ရဲ့ ရောဂါလက္ခဏာတွေ ပြသဖို့ ၁၄ ရက်လိုတဲ့အတွက် Foxconn ဟာ ရှန်ဇန်ကို ပြန်လာတဲ့ ဝန်ထမ်းတွေကို ၁၄ ရက်ကြာ သီးခြား ခွဲပြီး စောင့်ကြည့်စစ်ဆေးမယ်လို့ Bloomberg က ပြောပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် တရုတ်မှာ လည်ပတ်နေတဲ့ အထင်ကရ အမေရိကန် ကုမ္ပဏီတွေဟာလည်း စက်ရုံ ၊ အလုပ်ရုံတွေ ပိတ်ထားရပါတယ်။

Ref : gsmarena