Vivo အမှတ်တံဆိပ်ခွဲ iQOO ဟာ ဖေဖော်ဝါရီလတုန်းက iQOO 3 5G စမတ်ဖုန်းကို Volcano Orange, Tornado Black နဲ့ Quantum Silver ဆိုပြီး အရောင်သုံးမျိုးနဲ့မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ နောက်ထပ် iQOO 3 5G Transformers Edition လို့ အမည်ပေးထားတဲ့ Transformers စက်ရုပ် Theme နဲ့ Limited Edition တစ်ခုကို ထပ်မံ ကြေညာလိုက်ပါတယ်။

iQOO 3 5G Transformers Edition ဟာ ပုံမှန် iQOO 3 5G စမတ်ဖုန်းကို Autobots လိုဂို အပါအဝင် Transformers ဒီဇိုင်းနဲ့ ခပ်မိုက်မိုက်ဆင်ယင်လာတာပါ။ နောက်ကျောက Autobots လိုဂိုရဲ့ အပေါ်ဘက်မှာ iQOO ဆောင်ပုဒ်ဖြစ်တဲ့ “Monster Inside” ဆိုတဲ့ စာသားလေးကိုပါ မြင်ရမှာပါ။

နောက်ကျော Panel ဟာ ကာဘွန်ဖိုင်ဘာနဲ့တူပေမယ့် Glass ပေါ်မှာ ဆေးချယ်ထားတာသာ ဖြစ်မှာပါ။ “L” ပုံသဏ္ဍာန် Quad-camera ကို ရွှေရောင်အနားကွပ်ထားပြီး ဖရိန်နဲ့ အသံခလုပ်တွေကိုလည်း ရွှေရောင်ပဲ ချယ်ထားပေမယ့် ပါဝါခလုပ်ကတော့ လိမ္မော်ရောင်ဖြစ်ပါတယ်။

iQOO 3 5G Transformers Edition မှာ Android 10 အခြေခံ iQOO UI နဲ့အသုံးပြုရမှာဖြစ်ပြီး Transformers Theme နဲ့လိုက်ဖက်တဲ့ Icon, Wallpaper, Interface ဒီဇိုင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Box ထဲမှာ Transformers ဒီဇိုင်း Case နဲ့ အားသွင်းကြိုးတို့ပါ ပါရှိပါတယ်။

Transformers Edition ဟာ 12GB RAM/128GB Storage တစ်မျိုးတည်းသာ ထွက်ရှိပြီး ဇွန်လ တစ်ရက်နေ့ ဈေးကွက်ထဲရောက်တဲ့အခါမှ ဈေးနှုန်းကို သိရမှာပါ။ iQOO 3 5G ရိုးရိုးရဲ့ 12/128GB မော်ဒယ်ကတော့ တရုတ်ယွမ် ၃၇၉၈ (မြန်မာငွေ ခုနစ်သိန်းခွဲခန့်) ကျသင့်ပါတယ်။

Ref – GSMArena