နောက်ဆုံးမှာတော့ iQOO 7 ကို တရားဝင်မိတ်ဆက်တဲ့ရက် ရောက်လာပြီဖြစ်ပါတယ်။ Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ iQOO ဟာ ဂိမ်းမင်းဟန်းဆက်တွေကိုပဲ အဓိကထားထုတ်လုပ်တာဖြစ်တဲ့အလျောက် အခုမိတ်ဆက်လိုက်တဲ့ iQOO 7 ကလည်း ဂိမ်းမင်းပိုင်းမှာ အစဉ်အလာမပျက်ဘူးလို့ ဆိုရမှာပါ။

iQOO 7 ဟာ Snapdragon 888 SoC နဲ့ဖြစ်ပြီး 120W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားသလို၊ ဂိမ်းမင်းနဲ့ပတ်သက်တဲ့ အဆင့်မြှင့်တင်မှုအချို့ကိုလည်း ယူဆောင်လာတာတွေ့ရပါတယ်။ ဒါ့အပြင် Vivo ရဲ့ နောက်ဆုံးပေါ် OS ဖြစ်တဲ့ Android 11 အခြေခံ OriginOS ကိုလည်း မောင်းနှင်ထားပါတယ်။

iQOO 7 ဟာ 6.62-inch AMOLED, FHD+ resolution နဲ့ 120Hz refresh rate ထောက်ပံ့ထားတဲ့ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Touch sampling rate ဟာ 300Hz ထောက်ပံ့ထားပါတယ်။ အလျားလိုက်ဆိုရင် မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်ထောင့်ဧရိယာတွေမှာ ဖိအားကိုအာရုံခံပြီးတုံ့ပြန်နိုင်တာကလည်း ဂိမ်းကစားသူတွေအတွက်ပဲ ဖြစ်ပါတယ်။

HDR10+ panel ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ Punch-hole နဲ့အတူ 16MP selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Dual stereo speaker လည်းထောက်ပံ့ပေးထားပါတယ်။ Snapdragon 888 SoC ကို 8/12GB LPDDR5 RAM တွေနဲ့ တွဲဖက်ပေးထားပြီး သိုလှောင်မှုအတွက်လည်း 128/256GB တွေရွေးချယ်နိုင်ပါတယ်။

ကျောဘက်မှာ OIS နဲ့ 48MP အဓိကကင်မရာ၊ 120-degree field of view 13MP ultrawide နဲ့ 50mm နဲ့ ညီမျှတဲ့ 13MP telephoto sensor တို့ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီကတော့ 2,000mAh Cell နှစ်ခုပိုင်းခြားထားတဲ့ 4,000mAh ဘက်ထရီ ဖြစ်ပြီး 120W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားတာပါ။ ဒါကြောင့် ၁၅ မိနစ်အတွင်း 0 to 100% အားသွင်းနိုင်တယ်လို့ သိရပါတယ်။

iQOO 7 ကို Lite blue, Black နဲ့ White BMW M-sport co-brand version ဆိုပြီး အရောင်သုံးမျိုး ထုတ်ထားပါတယ်။ ဈေးနှုန်းကတော့ 8/128GB အမျိုးအစားကို $586 (၇ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး 12/256GB ကတော့ $648 (၈ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တရုတ်ပြည်တွင်းဈေးကွက်ထဲ တရားဝင်ဝယ်ယူနိုင်မှာဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ကို ဘယ်အချိန်မှာမိတ်ဆက်မလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: GSM Arena