iQOO ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲ ဖြစ်ပြီး မနှစ်ကမှ စတင်ခဲ့ပေမယ့် အတော်လေး ရင်းနှီးနေတဲ့ အမည်တစ်ခု ဖြစ်နေပါပြီ။ ဒါ့အပြင် သူတို့ဟာ စမတ်ဖုန်းတွေသာ မကဘဲ နည်းပညာစျေးကွက်အသစ်တွေကို ခြေလှမ်းလာမယ့် အသွင်ပါ ရှိနေပါတယ်။

Vivo ဟာ မကြာသေးခင်က “iQOO PAD” နဲ့ “iQOOBOOK” အမည်ရ မူပိုင်ခွင့်နှစ်ခုကို ရယူခဲ့ပြီး ကြည့်တာနဲ့ Tablet / Laptop ထုတ်ကုန်တွေ အတွက် အမည်ဆိုတာ သိသာပါတယ်။ ဒီနာမည်တွေကို ဇွန်လထဲက မူပိုင်ခွင့် ရယူခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေမှာ စမတ်ဖုန်းတစ်မျိုးပဲ ထုတ်လုပ်တဲ့သူဆိုတာ မရှိသလောက် ဖြစ်တာမို့ အခုလို iQOO ထုတ်ကုန်သစ်တွေကို မြင်ရဖို့ဆိုတာ သိပ်တော့ အံ့ဩစရာ မရှိပါဘူး။ သူတို့ရဲ့ ပြိုင်ဘက် Xiaomi ဆိုရင်လည်း နည်းပညာပစ္စည်း တော်တော်များများကို ထုတ်လုပ်ရောင်းချနေတာပါ။

ဒါပေမယ့် iQOO ရဲ့ ထုတ်ကုန်သစ်တွေကို ချက်ချင်းတော့ မြင်ရဦးမှာ မဟုတ်သေးပါဘူး။ Vivo အနေနဲ့ ကြိုပြီး နေရာယူထားတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အနာဂါတ်မှာတော့ iQOO PAD ကို မြင်ရဖို့ အစီအစဉ်တစ်ခု ရှိနေပြီ ဆိုတာ သေချာပါတယ်။

iQOO ဟာ လောလောဆယ်တော့ သူတို့ရဲ့ Flagship အသစ် ဖြစ်တဲ့ iQOO 5 အတွက် အလုပ်ရှုပ်နေပါတယ်။ iQOO 5 စမတ်ဖုန်းမှာ 120W Fast Charging ပါလာမှာဖြစ်ပြီး 4,000 mAH ဘက္ထရီတစ်ခုကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းပေးနိုင်မှာပါ။ သူ့မှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ 120Hz Refresh Rate တို့ကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

Ref – GizmoChina