တရုတ်နိုင်ငံရဲ့ နာမည်ကျော်ဘီလီယံနာ Jack Ma ဟာ နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၄.၅ သန်းလှူဒါန်းဖို့ ကတိပြုလိုက်ပါတယ်။ Ma ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး နည်းပညာလုပ်ငန်းစု Alibaba ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Jack Ma ရဲ့ ပရဟိတဖောင်ဒေးရှင်းဟာ သူတို့ရဲ့ Weibo အကောင့်မှာ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးအတွက် အထောက်အပံ့ဖြစ်စေဖို့ ယွမ်ငွေသန်းတစ်ရာ (အမေရိကန်ဒေါ်လာ ၁၄.၅ သန်း / မြန်မာငွေ သန်းနှစ်သောင်းကျော်) လှူဒါန်းမယ်လို့ ဖော်ပြခဲ့တာပါ။

“လူသားမျိုးနွယ်စုနဲ့ ရောဂါဆိုးတွေကြားမှ တိုက်ပွဲဟာ ရှည်လျားတဲ့ ခရီးလမ်းဖြစ်တာကို ကျွန်တော်တို့ သိပါတယ်၊ အခုပိုက်ဆံက ဆေးပညာသုတေသနနဲ့ ရောဂါပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် အကူအညီဖြစ်ပါလိမ့်မယ်” လို့ သူတို့က ဆိုပါတယ်။

အခြား တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေကလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ပါဝင်ကူညီဖို့ အသီးသီးကတိပေးထားပြီး နာမည်ကျော်ဂိမ်းကုမ္ပဏီ Tencent ဟာ ယွမ်သန်း ၃၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့အတူ ဒေတာ အချက်အလက်ဝန်ဆောင်မှု ထောက်ပံ့ပေးမယ်လို့ ဆိုထားပြီး TikTok ပိုင်ရှင် ByteDance နဲ့ Baidu ကုမ္ပဏီတွေကတော့ ဘဏ္ဍာရေးအကူအညီလှူဒါန်းကြမှာပါ။

တရုတ်နိုင်ငံပြင်ပမှာ ဆိုရင်တော့ Microsoft တည်ထောင်သူ Bill Gates နဲ့ ဇနီးဖြစ်သူရဲ့ ဖောင်ဒေးရှင်းက တရုတ်နဲ့ အာဖရိကမှာ အန္တရာယ်ကြားရောက်နေတဲ့ နေရာတွေအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၁၀ သန်း လှူဒါန်းဖို့ ကတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာက စတင်တွေ့ရှိခဲ့ရပြီး အချိန်တိုအတွင်းမှာ တရုတ်ပြည်မကြီးရဲ့ ပြည်နယ်အားလုံးအပြင် အခြားနိုင်ငံ ၂၀ နိုင်ငံကျော်ထိ ပြန့်ပွားခဲ့တဲ့ ရောဂါဆိုးတစ်ခုပါ။ ဇန္နဝါရီ ၂၉ ရက်နေ့ထိ ကူးစက်ခံရသူဦးရေ ၇၇၁၁ ဦးကို အတည်ပြုနိုင်ခဲ့ပြီး ဒီရောဂါကြောင့် အသက်ဆုံးရှုံးခဲ့သူ ၁၇၀ ကျော်သွားခဲ့ပါပြီ။

Ref – Business Insider